ရွှေစက်တော်ဘုရားတော်ပွဲ မန်းချောင်းသောင်ပြင်အနီး တောမီးလောင်ကျွမ်း

ရွှေစက်တော်ဘုရားတော်ပွဲ မန်းချောင်းသောင်ပြင်အနီး တောမီးလောင်ကျွမ်း
ဓာတ်ပုံ-ဒေါင်းလူ

မင်းဘူး၊ ဖေဖော်ဝါရီ ၂၂ ။ ။ မင်းဘူးခရိုင်၊ မန်းရွှေစက်တော်ဘုရားပွဲကွင်း၏ အရှေ့မြောက်ဘက်တွင် ဖေဖော်ဝါရီ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်၌ တောမီးလောင်ကျွမ်းခဲ့ပြီး၊ ပွဲတော်တွင်း မီးသတ်များနှင့် ပွဲဈေးရောင်းချသူများက ဝိုင်းဝန်းငြိမ်းသက်ခဲ့ကြကြောင်း ပွဲတော်လုပ်ငန်းရှင်များ ထံမှ သိရသည်။

နေ့လည် ၁ နာရီက လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မင်းဘူး-စကုမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးမှူး ဦးလှဋ္ဌေးက ပြောသည်။

မန်းရွှေစက်တော်အနီးဝန်းကျင်တွင် နေ့စဉ်လိုလို တောမီးလောင်ကျွမ်းမှုများရှိနေပြီး၊ ယခုတစ်ကြိမ်လောင်ကျွမ်းမှုမှာ ဘုရားပွဲတော်နှင့် နီးကပ်သည့်အတွက် ပွဲတော်အတွင်း နေထိုင်သူများအကြား စိုးရိမ်ပူပန်မှုများရှိခဲ့ကြောင်း မန်းရွှေစက်တော်ဒေသခံ ကိုငယ်လေးက မဇ္ဈိမသို့ ပြောသည်။

"အဲဒီနေရာမှာ မီးလောင်တာ လူမသိရင် ပွဲတော်အတွက် သိပ်အန္တရာယ်ကြီးတယ်။ တောမီးလောင်နေတာတော့ နေ့စဉ်လိုလို မြင်နေရတာပဲ။ ရှို့လို့လောင်တာလည်းဖြစ်နိုင်သလို သဘာဝအလျောက်လည်း လောင်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် မီးဆိုတာ မလောင်ခင်က တားနိုင်ကြဖို့ အရေးကြီးတယ်။"ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ရွှေစက်တော်ဘေးမဲ့တော ဧရိယာ၊ ရွှေစက်တော်သွား လေးပင်လမ်းခွဲ၊ ငါးမိုင်လမ်းမှာလည်း ပြီးခဲ့သည့် ၅ ရက်လောက်က တောမီးလောင်ခဲ့ပြီး၊ ရခိုင်မှ တရုတ်သို့သွားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြီးရှိသည့်အတွက် အတော်အန္တရာယ်ကြီးမားကြောင်း  မင်းဘူးဒေသခံ ဦးအောင်ဘုက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly