နိုင်ငံ ၄ နိုင်ငံ ပါဝင်သော ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်မှုကို ပြန်စမည်ဟု အာဖဂန်တာလီဘန် ပြော

နိုင်ငံ ၄ နိုင်ငံ ပါဝင်သော ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်မှုကို ပြန်စမည်ဟု အာဖဂန်တာလီဘန် ပြော

အာဖဂန်နစ္စတန်တွင် တည်ငြိမ်မှု မရှိသည့် အခြေအနေကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ၄နိုင်ငံ (တာ့ခ်မန်နစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိန္ဒိယ) ပါသည့် TAPI ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ဆောက်မှုသည် အနောက်မြောက် ဟီရတ်ပြည်နယ်တွင် မကြာမီ စတင်သွားမည်ဖြစ်သည်ဟု တာလီဘန် ဒုဝန်ကြီးချုပ် မူလာ အဗ္ဗဒူလ် ဂါနီ ဘာရာဒါက ပြောကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ဟီရတ်ပြည်နယ်၌ ပညာရှင်များ၊ မျိုးနွယ်စုအကြီးအကဲများ၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဘာရာဒါက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 TAPI ပရောဂျက် တည်ဆောက်မှု စတင်မှုကြောင့် ပြည်နယ်အနေဖြင့် အကျိုးဖြစ်ထွန်းလိမ့်မည် ဖြစ်သည်ဟု တာလီဘန်အရာရှိက စက်တင်ဘာ ၂ ရက် တွေ့ဆုံပွဲတစ်ခုတွင် ဟီရတ်ပြည်နယ်ဒေသခံများကို ပြောခဲ့ကြောင်း တာလီဘန်တို့၏ Bakhtar သတင်းအေဂျင်စီက ဖော်ပြသည်။

ထို့ပြင် ဟီရတ်ပြည်နယ် ပိုလ်-အီ-ဟက်ရှင်မ် ဒေသတွင် စက်မှုဇုန်တစ်ခု ထူထောင်မှုကို တာလီဘန် ဒုဝန်ကြီးချုပ် ဘာရာဒါက ကြေညာခဲ့သလို ပက်ရှ်ဒန်နှင့် ရှင်းဒန်း ဆည်များ တည်ဆောက်မှုကိုလည်း မကြာမီ ပြန်စမည် ဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါ ဆည်တည်ဆောက်မှုများက ယခင်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်းကတည်းက ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ် ဩဂုတ်လက ယခင်အစိုးရပြုတ်ကျပြီးနောက် ဟီရတ်ပြည်နယ်ရှိ ပက်ရှ်ဒန် ဆည် တည်ဆောက်မှုက ရပ်တန့်သွားခဲ့သည် ဖြစ်ရာ အဆိုပါ စီမံကိန်း၏ ကံကြမ္မာနှင့် ပတ်သက်ပြီး မရေမရာဖြစ်နေခဲ့သည်။

အာဖဂန်နစ္စတန်၏ အကြီးဆုံးသော အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုဖြစ်သည့် ပက်ရှ်ဒန် ဆည်သည် ဟီရတ်မြို့၏ အရှေ့ဘက် ၂၅ ကီလိုမီတာ အကွာ ခါရွတ်ခ် ခရိုင်တွင် တည်ရှိသည်။ အဆိုပါ ရေအားလျှပ်စစ်ဆည်သည် ၂၀၂၁ နှစ်ကုန်တွင် အပြီးသတ်ရန် မူလက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆည်တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရပြီး ယင်းဆည်သည် ၈၅ ရာခိုင်နှုန်းသာ ပြီးစီးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required