ယူကရိန်း၏ ထိုးစစ်ကို တန်ပြန်ရန် ရုရှက စစ်ကူအားဖြည့် 

ယူကရိန်း၏ ထိုးစစ်ကို တန်ပြန်ရန် ရုရှက စစ်ကူအားဖြည့် 
Photo - EPA

September 10

နယ်စပ်တန်ပြန်ထိုးစစ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အရပ်ဒေသ ဒါဇင်များစွာကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ယူကရိန်းက ပြောထားရာ နိုင်ငံအရှေ့ပိုင်း ခါကိဗ်ဒေသသို့ စစ်ကူများ ပို့လွှတ်လျက်ရှိသည်ဟု ရုရှက သောကြာနေ့တွင် ပြောသည်။ 

ရုရှတပ်များထံမှ နယ်မြေဧရိယာ ၃၀ ကို ယူကရိန်းတပ်များက သိမ်းပိုက်နိုင်ပြီဟု သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ၎င်း၏ ညနေပိုင်း မိန့်ခွန်းတွင် ပြောသည်။ 

“ကျွန်တော်တို့ အရပ်ဒေသသစ်တွေကို တဖြည်းဖြည်းချင်း သိမ်းယူနေပြီ၊ နေရာတိုင်းမှာ ယူကရိန်း အလံပြန်လည်လွှင့်တင်ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးနေတယ်”ဟု ၎င်းက ပြောပြီး ကျူးကျော်သည့် တပ်များ ကျူးလွန်သော မည်သို့ ရာဇဝတ်မှုမျိုးမဆို တင်ပြကြရန်လည်း ယူကရိန်းပြည်သူများအား တိုက်တွန်းသည်။ 

ခါကိဗ်ဒေသတွင် မကြာသေးခင်က ရုရှထံမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည့် ကျေးရွာတစ်ရွာ၌ စစ်ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးနေရာ၌ ယူကရိန်းတာဝန်ရှိသူနှစ်ဦး၏ ရုပ်အလောင်းကို တူးဖော်တွေ့ရှိခဲ့သည်။ 

ဂရတ်ကိုဗီကျေးရွာသည် ရုရှ၏ ကျူးကျော်မှု အစောပိုင်းသီတင်းပတ်များအတွင်း ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

ခါကိဗ်ဒေသတွင်း၌ ရုရှ၏ ကျူးကျော်မှု အမှတ်သင်္ကေတဖြစ်သည့် “Z” ဆိုသည့် စာလုံး ထိုးထားသော စစ်တပ်ယာဉ်များ မောင်းနှင်သွားလာနေသည့် ဗီဒီယိုကို ရုရှနိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။ 

ဘဲလက်လီယာမြို့အနီးတွင် “ပြင်းပြင်းထန်ထန် တိုက်ပွဲ” ဆက်လက်ဖြစ်ပွားနေသည်ဟု ရုရှခန့် တာတန်ရှိသူတစ်ဦးဖြစ်သည့် ဗီတာလီ ဂန်းချက်ဗ်က ရုပ်သံတွင် ပြောဆိုပြီး ယူကရိန်းကမူ ယင်းမြို့ကို သိမ်းပိုက်ထားနိုင်ပြီဟု ကြာသပတေးနေ့တွင် ပြောသည်။ 

“ကျွန်တော်တို့ ဘဲလက်လီယာမြို့ကို မထိန်းချုပ်ထားနိုင်ဘူး၊ ယူကရိန်းတပ်တွေကို ဖဲ့ထုတ်ဖို့ ကြိုးပမ်းနေရတယ်၊ ဒါပေမဲ့ အဲဒီမှာ တိုက်ပွဲပြင်းထန်နေပါတယ်၊ ကျွန်တော်တို့ရဲ့ တပ်တွေဟာ ကြံ့ကြံ့ခိုင်နေခဲ့ရတယ်”ဟု ဂန်းချက်ဗ်က ပြောသည်။ 

“အခုတော့ ရုရှအရန်တပ်တွေ အဲဒီဆီ ရောက်လာပြီ၊ ကျွန်တော်တို့ တပ်တွေ ပြန်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါပြီ”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly