ကုလအကြီးအကဲက အာဖဂန်ဆိုင်ရာ သံတမန်သစ် ခန့်အပ်တာဝန်ပေး

ကုလအကြီးအကဲက အာဖဂန်ဆိုင်ရာ သံတမန်သစ် ခန့်အပ်တာဝန်ပေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အာဖဂန်နစ္စတန်ဆိုင်ရာ သူ၏ သံတမန်သစ်အဖြစ် ကာဂျစ်စတန်သမ္မတဟောင်း ရိုဇာ အော်တန်ဘာယီဗာကို ခန့်အပ်တာဝန်ပေးလိုက်သည်။

ကုလ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် အော်တန်ဘာယီဗာကို အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးနှင့် အာဖဂန်နစ္စတန်ရှိ ကုလ အကူအညီပေးရေး မစ်ရှင်အဖွဲ့ (UNAMA) ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အော်တန်ဘာယီဗာသည် ကနေဒါနိုင်ငံသူ ဒီဘိုးရာ လိုင်ယွန်းစ်၏ နေရာကို ဆက်ခံခြင်းဖြစ်သည်။ UNAMA အကြီးအကဲရာထူးမှ ထွက်ခွာသည့် ဒီဘိုးရာ လိုင်းယွန်းစ်ကိုလည်း သူမ၏ တာဝန်ဝတ္တရားများကို ကြိုးစားဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောသည်။ 
အာဖဂန်အထူးသံတမန်သစ်အဖြစ် ထမ်းဆောင်မည့် အော်တန်ဘာယီဗာသည် ခေါင်းဆောင်မှု၊ သံတမန်ရေး၊ ပြည်သူ့ ဆက်ဆံမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ၃၅ နှစ်ကျော် လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်သည်။ 

သူမသည် ယခင်က ၂၀၁၀ မှ ၂၀၁၁ အထိ ကာဂျစ်သမ္မတအဖြစ် တာဝန်ထမ်းခဲ့သလို ၂၀၀၅ ခုနှစ်က ယာယီဝန်ကြီးတာဝန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သုံးကြိမ် တာဝန်ယူခဲ့သူဖြစ်သည်။ သူမသည် ၂၀၀၇ မှ ၂၀၁၀ အကြား ပါလီမန်လွှတ်တော်အမတ်တစ်ဦး ဖြစ်ခဲ့သလို ၁၉၉၁ ခုနှစ်တွင် ဒုဝန်ကြီးချုပ် တာဝန်ယူခဲ့သူဖြစ်သည်။

သူမသည် ၁၉၉၂ မှ ၁၉၉၄ အထိ အမေရိကန်နှင့် ကနေဒါဆိုင်ရာ ကာဂျစ်သံအမတ်ကြီးအဖြစ်၊ ၁၉၉၇ မှ ၂၀၀၂ အထိ ယူကေဆိုင်ရာ သံအမတ်ကြီးအဖြစ် အပါအဝင် ကာဂျစ်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အကြီးတန်း သံတမန်ရေး ရာထူးတာဝန်များကို ထမ်းခဲ့သူဖြစ်သည်။ သူမသည် ၁၉၈၉ မှ ၁၉၉၁ အထိ   ယူနက်စကိုဆိုင်ရာ ဆိုဗီယက် အမျိုးသားကော်မရှင် ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required