မိုးရွာသွန်းမှုနှင့် ရွှံ့မြေပြိုမှုများက စီချွမ်ငလျင် ကယ်ဆယ်ရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေ

မိုးရွာသွန်းမှုနှင့် ရွှံ့မြေပြိုမှုများက စီချွမ်ငလျင် ကယ်ဆယ်ရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတောင်တန်းဒေသတွင် အင်အားပြင်းငလျင်လှုပ်ခတ်ကာ အနည်းဆုံး လူ ၈၂ ဦး သေဆုံးပြီး ရက်ပိုင်းအတွင်း မိုးရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် ရွှံ့မြေပြိုမှုများကြောင့် ပျောက်ဆုံးနေဆဲ ဖြစ်သော လူဒါဇင်ပေါင်းများစွာကို ရှာဖွေရာတွင် အခက်အခဲ ကြုံနေရသည်။

စက်တင်ဘာ ၅ ရက်က ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်သည် စီချွမ်ပြည်နယ် ကန်ဒင်းမြို့၏ အရှေ့တောင်ဘက် ၄၃ ကီလိုမီတာအကွာ၌ မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍  လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်းက ထုတ်ပြန်ခဲ့ပြီး ယခုအခါ လူထောင်ပေါင်းများစွာသည် ယာယီစခန်းများတွင် ပြောင်းရွှေ့နေကြရသည်။

ငလျင်ဗဟိုချက်အနီး ဂန်ဇီစီရင်စုတွင် လူ ၄၆ ဦးနှင့် အနီးရှိ ယန်အန်းမြို့တွင် ၃၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံဌာန CCTV က ထုတ်လွှင့်ခဲ့သည်၊ ဒဏ်ရာရရှိသူပေါင်း ၂၇၀ ကျော်နှင့် ၃၅ ဦးပျောက်ဆုံးနေကြောင်း CCTV က ထုတ်လွှင့်ခဲ့ပြီး  စာရင်းမရှိ ပျောက်ဆုံးနေသော လူများ၏အခြေနေနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။ 

မိုးလေဝသဌာနက စက်တင်ဘာ ၈ ရက်ညအထိ ဘူမိဗေဒဘေးအန္တရာယ်ရှိကြောင်း အဝါရောင်သတိပေးချက် ထုတ်ပြန်ထားကာ စက်တင်ဘာ ၉ ရက်အထိ မိုးအသင့်အတင့်ရွာသွန်းမည်ဖြစ်ကြောင်းနှင့် တချို့နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ငလျင်အလွန် ဘူမိဗေဒအခြေအနေမှာ ပင်ကိုယ်အားဖြင့် အကဲဆတ်ပြီး နောက်ဆက်တွဲမိုးရွာသွန်းမှုက မြေပြိုမှုနှင့် ရွှံ့မြေပြိုမှုများကို ဖြစ်စေနိုင်သောကြောင့် ဒေသခံများအနေဖြင့် ဒုတိယမြောက် သဘာဝဘေးအန္တရာယ်များကို သတိထားရန်လိုအပ်ကြောင်း တရုတ်မိုးလေဝသဌာနက ပြောသည်။

တရုတ်စစ်တပ်၊ လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် မီးသတ်ကယ်ဆယ်ရေးဌာနများက  တပ်ဖွဲ့များကို စေလွှတ်ထားပြီး ဝေးလံခေါင်သီသော ကျေးလက်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် မြေပြိုမှုရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required