ဆွစ်ဇာလန်က လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများအကြောင်း ဖိအားပေးရန် တရုတ်သံအမတ်ကို ဆင့်ခေါ်

ဆွစ်ဇာလန်က လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများအကြောင်း ဖိအားပေးရန် တရုတ်သံအမတ်ကို ဆင့်ခေါ်

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုရန် ဆွစ်ဇာလန်က တရုတ်သံအမတ်အား ဆင့်ခေါ်ခဲ့ကြောင်း ဘန်းမြို့နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ပြောသည်။

ဆွစ်ဇာလန်က  ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန်နှင့် အခြေခံအခွင့်အရေးများကို လေးစားလိုက်နာရန် အကောင်းဆုံးနည်းလမ်းအဖြစ် တရုတ်နှင့် ဝေဖန်ပိုင်းခြား၍ အပြုသဘောဆောင်သော ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ရန် စဉ်းစားထားသည်ဟု SDA သတင်းဌာနက ဖော်ပြခဲ့သည်။

ရှင်ကျန်းတွင် ဝီဂါနှင့် တခြားမွတ်စလင်များကို တရုတ်က  နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းခြင်းသည် လူသားချင်း မစာနာသည့် ရာဇဝတ်မှုကျူးလွန်ရာရောက်သည်ဟူသော ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ၏ သီတင်းပတ်ကုန်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာကိုလည်း ဝန်ကြီးဌာနက ရည်ညွှန်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာနက စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားကာ ကုလသမဂ္ဂအစီရင်ခံစာသည် လုံးဝ တရားမဝင်ကြောင်း ပြောဆိုခဲ့သည်။

ကြားနေနိုင်ငံဖြစ်သည့် ဆွဇ်ဇာလန်သည် တရုတ်နှင့် သံတမန်နည်းအရ သတိကြီးစွာ ဆက်ဆံနေသလို အဓိက ကုန်သွယ်ရေးမိတ်ဖက်ဖြစ်နေသောကြောင့် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို လိုက်နာမည့်အရေးကိုလည်း လျှော့ချထားသည်။

ဆွစ်ဇာလန်သည် ၁၉၅၀ ခုနှစ်တွင် ကွန်မြူနစ်တရုတ်ကို အသိအမှတ်ပြုသည့် ပထမဆုံး အနောက်နိုင်ငံဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် အာရှတွင် ဆွစ်ဇာလန်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့ပြီး ဥရောပသမဂ္ဂနှင့် အမေရိကန်ပြီးလျှင် ၎င်း၏ တတိယအကြီးဆုံး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်လာသည်။

နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်သည် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အသက်ဝင်ခဲ့ပြီး နှစ်နိုင်ငံသည် စတော့စာရင်းများနှင့် ကုန်သွယ်မှုအတွက် ပူးတွဲပလက်ဖောင်းတစ်ခုကို ယခုနှစ်တွင် စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly