ဖေဖော်ဝါရီ ၂၂ ၊ ရန်ကုန် ။ ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းအနေဖြင့် ဖေဖော်ဝါရီလအတွင်း ခရီးစဉ်များ တောက်လျှောက်ဆက်နေသည့်အတွက် ကစားသမားများ ကြံ့ခိုင်မှုကို ဂရုစိုက်ပြင်ဆင်ရမည် ဟု နည်းပြချုပ် ရီနီ က ဆိုသည်။
ရတနာပုံအသင်းသည် ဖေဖော်ဝါရီလအတွင်းတွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအဖြစ် ဆောက်သမ်းမြန်မာ(အဝေးကွင်း)၊ ဇေယျာရွှေမြေ(အိမ်ကွင်း)၊ ဇွဲကပင်ယူနိုက်တက်(အဝးကွင်း) တို့နှင့်ကစား ခဲ့ပြီး လာမည့်အပတ်တွင် ရှမ်းယူနိုက်တက်(အဝေးကွင်း)နှင့်ကစားရမည်ဖြစ်သည်။
“ အသင်းက ပြီးခဲ့တဲ့ အပတ်မှာ ဗထူး၊ အခု ရန်ကုန်၊ လာမယ့် တစ်ပတ်မှာ တောင်ကြီးကွင်းကို သွားကစားရမှာပါ။ ကြားထဲမှာ ကစားသမားတွေအနေနဲ့ ခရီးပန်းတာတွေ မဖြစ်အောင် သွားလာမှု ကိုလည်း ကောင်းမွန်အောင် စီစဉ်ထားပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကြံ့ခိုင်မှု မကျအောင်လည်း နည်းပြအဖွဲ့တွေ အားလုံးတိုင်ပင်ပြီး အဓိကထား ပြင်ဆင်ထားပါတယ်။ ပွဲမှာတော့ ကြံ့ခိုင်မှုအရ ပိုကောင်းတဲ့ သူကိုပဲ ပွဲထွက်ကစားသမားအဖြစ် သုံးသွားမှာပါ။ ရလဒ်ကောင်းတွေ ရဖို့လည်း ကြိုးစားပြင်ဆင်ထားပါတယ် ” ဟု ရတနာပုံနည်းပြချုပ် ရီနီက အသင်းနှင့် ပတ်သက်၍ ပြောသည်။
ရတနာပုံအသင်းသည် ၂၀၁၆ ဘောလုံးရာသီတွင် ရလဒ်ကောင်းများရရှိနေပြီး လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၇) ပွဲကစားပြီးချိန်တွင် ရှုံးပွဲမရှိသေးပဲ ငါးပွဲနိုင် နှစ်ပွဲသရေ ရလဒ်ဖြင့် ရမှတ် ၁၇ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။