အာဖဂန်နစ္စတန် ကဘူးလ်တွင် လမ်းဘေးဈေးသည်အဖြစ် အသက်မွေးနေရသည့် အမျိုးသမီးအရေအတွက် တိုးလာ

By The Frontier Post
10 September 2022
အာဖဂန်နစ္စတန် ကဘူးလ်တွင် လမ်းဘေးဈေးသည်အဖြစ် အသက်မွေးနေရသည့် အမျိုးသမီးအရေအတွက် တိုးလာ

အာဖဂန်နစ္စတန်တွင် တာလီဘန်လက်အောက် ပြည်သူများ ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး အခက်အခဲများနှင့် ကြုံတွေ့နေရစဉ် ပြီးခဲ့သည့် လများအတွင်း ကဘူးလ်၌ လမ်းဘေးပျံကျဈေးသည်များအဖြစ် အသက်မွေးဝမ်းကျောင်းရသည့် အမျိုးသမီးဦးရေသည် မြင့်တက်လာသည်။

ငွေအခက်အခဲများကြောင့် ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်စားသောက်နေရကြောင်း အဆိုပါ အမျိုးသမီးများက ပြောသည်။

ကဘူးလ်ရှိ စာသင်ကျောင်းတစ်ခုအနီးတွင် လက်မှုပစ္စည်းများ ရောင်းချသည့် အာဖဂန်အမျိုးသမီးတစ်ဦးဖြစ်သော ဘီဘီကိုက သူမသည် မိသားစုတွင် တစ်ဦးတည်းသော ဝင်ငွေရှာရသူဖြစ်ကြောင်းနှင့် သူမ၏ သားငယ်သည်လည်း မသန်စွမ်းဖြစ်ပြီး အလုပ်မလုပ်နိုင်တော့ကြောင်း ပြောသည်။

“ကျွန်မ ဒီမှာ အလုပ်လုပ်တာက ၁၈ နှစ်လောက် ရှိပါပြီ။ ဒီ ၁၈ နှစ်အတွင်းမှာ ကျွန်မကို ပိုက်ဆံအကူအညီပေးတဲ့ လူတစ်ယောက်တစ်လေကိုတောင် မတွေ့ခဲ့ဖူးပါဘူး” ဟု ဘီဘီကိုက ပြောသည်။ “လမ်းတွေပေါ်မှာ အလုပ်ဆက်လုပ်စရာ မလိုဘဲ နေနိုင်အောင် ကျွန်မတို့ကို အကူအညီပေးဖို့

တာလီဘန်အာဏာပိုင်တွေကို ကျွန်မတို့ တောင်းဆိုပါတယ်” ဟု အခြားအမျိုးသမီးတစ်ဦးဖြစ်သည့် နာဇာနင်က ပြောသည်။

သို့သော် ယင်းကဲ့သို့ လမ်းဘေးတွင် ဈေးရောင်းနေရသူ အမျိုးသမီးများ၏ အရေအတွက် အတိအကျကို ရှင်းရှင်းလင်းလင်း မသိကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ကို အလုပ်အကိုင် အခွင့်အလမ်းများ ထောက်ပံ့ပေးရန် ကြိုးပမ်းလျက် ရှိကြောင်း တာလီဘန် အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးဌာနက ပြောသည်။

“အုပ်ထိန်းသူတွေ ဒါမှမဟုတ် လင်ယောကျ်ားတွေ မရှိတဲ့ အမျိုးသမီးတွေ၊ ကလေးအငယ်တွေပဲ ရှိနေသူတွေ၊ မိသားစုတွေအတွက် တစ်ဦးတည်းသော ဝင်ငွေရှာပေးနေရသူတွေဆိုရင် သူတို့ရဲ့ အိမ်တွေမှာပဲ အစ္စလမ္မစ် ရှာရီယာ ဥပဒေနဲ့အညီ သူတို့ကို အလုပ်အကိုင်တွေ ထောက်ပံ့ရှာဖွေပေးမယ့် အစီအစဉ်တွေ ကျွန်တော်တို့မှာ ရှိပါတယ်” ဟု တာလီဘန် အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးဌာနမှ ဒုတိယအကြီးအကဲ မက်ခ်ဒွန် အဗ္ဗဒူလ် ဆာလမ် ဆာဒတ်က ပြောသည်။

အာဖဂန်လူဦးရေ၏ ထက်ဝက်ကျော်သည် ဆင်းရဲမျဉ်းအောက်တွင် နေထိုင်နေရပြီး စားသောက်ရန် အစားအစာ အလုံအလောက် မရှိဘဲ ဖြစ်နေသည်ဟု ကုလသမဂ္ဂက မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly