ဆော်ဒီအာရေဗျတွင် ပါကစ္စတန်နိုင်ငံသားများထံမှ မူးယစ်ဆေး စံချိန်တင်အမြောက်အများ ဖမ်းဆီးရမိ

By Dawn
10 September 2022
ဆော်ဒီအာရေဗျတွင် ပါကစ္စတန်နိုင်ငံသားများထံမှ မူးယစ်ဆေး စံချိန်တင်အမြောက်အများ ဖမ်းဆီးရမိ

ဆော်ဒီအာရေဗျ အာဏာပိုင်တို့က ဂိုဒေါင်တစ်လုံးကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် တင်သွင်းလာသည့် ဂျုုံများနှင့်အတူ အမ်ဖက်တမင်းဆေးပြား ၄၆ သန်းအား ပါကစ္စတန်နိုင်ငံသား ၂ ဦး အပါအဝင် ၈ ဦးကို ဖမ်းဆီးခဲ့သည်။

မူးယစ်ဆေးများနှင့်အတူ ပစ္စည်းများကို ရီယတ်ဒ် ဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီးနောက် ဂိုဒေါင်တစ်လုံးသို့ ပြောင်းရွှေ့လိုက်သည်ကို လုံခြုံရေးတပ်ဖွဲ့များက ထောက်လှမ်းသိရှိခဲ့ကြောင်း ဆော်ဒီ နိုင်ငံပိုင် SPA သတင်းအေဂျင်စီက ဖော်ပြသည်။ ထို့နောက် အာဏာပိုင်တို့က အဆိုပါ ဂိုဒေါင်ကို စီးနင်းခဲ့ရာတွင် ပါကစ္စတန် နိုင်ငံသား ၂ဦးနှင့် ဆီးရီးယားနိုင်ငံသား ၈ဦးတို့ကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီ၏ မူးယစ်ဆေးဝါး ထိန်းချုပ်တားဆီးရေးဆိုင်ရာ အထွေထွေညွှန်ကြားမှုဦးစီးဌာန (GDNC) က အမ်ဖက်တမင်းဟု အတိအကျ မပြောခဲ့သော်လည်း ဆော်ဒီအာရေဗျသည် captagon လိုဂိုပါ ဆေးပြားများအတွက် အကြီးဆုံး ဈေးကွက်ဖြစ်သည်။

အမ်ဖက်တမင်း၊ ကဖိန်းနှင့် ဖြည့်စာအမျိုးမျိုးဖြင့် ရောစပ်ပါဝင်လေ့ရှိသည့် captagon သည် ပင်လယ်ကွေ့ဒေသရှိ ငွေကြေးတတ်နိုင်သော လူငယ်များအကြား ပေါ်ပြူလာဖြစ်သည့် မူးယစ်ဆေးတစ်မျိုး ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ရီယတ်ဒ်တွင် အမ်ဖက်တမင်း ဆေးပြားပေါင်း ၄၆၉၁၆၄၈၀ ကို စံချိန်တင် ဖမ်းဆီးရမိခြင်းက အဆိုပါနိုင်ငံတွင် စစ်ဆင်ရေးတစ်ခုအတွင်း အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း GDNC ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက BBC News ကို ပြောသည်။

ဆော်ဒီ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် နိုင်ငံနှင့် နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဥပဒေချိုးဖောက်သော ကွန်ရက်များ၏ လုပ်ရပ်များကို တိုက်ဖျက်ဟန့်တားသွားရန် စိတ်ပိုင်းဖြတ်ထားသလို ဥပဒေကျူးလွန်မှုများတွင် ပါဝင်ပတ်သက်သူတိုင်း ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ၎င်းက အထူးအလေးပေး ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly