လက်ရွေးစင်ကစားသမားအချို့၏ အပြုအမူ ပြင်သင့်သည် ဟု ရခိုင်နည်းပြ ဝေဖန်

လက်ရွေးစင်ကစားသမားအချို့၏ အပြုအမူ ပြင်သင့်သည် ဟု ရခိုင်နည်းပြ ဝေဖန်
ရန်ကုန်နှင့် ရခိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ - ရွှေဘုတ်)

ဖေဖော်ဝါရီ ၂၂ ၊ ရန်ကုန် ။            ။ မြန်မာနေရှင်နယ်လိဂ်တွင် သက်ဆိုင်ရာကလပ်အသင်းများ၌ ပါဝင်ကစားနေသော မြန်မာ့လက်ရွေးစင်ကစားသမားအချို့၏ အပြုအမူကို ပြင်ဆင်သင့်သည် ဟု ရခိုင်အသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုး ကပြောသည်။

အဆိုပါပွဲတွင် ရန်ကုန်အသင်းနှင့် ရခိုင်အသင်း တို့သည် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ပြီး နှစ်ဘက်အသင်း ကစားသမားများ မကြာခဏ ရန်လိုသည့်အပြုအမူများလည်း ဖြစ်ပေါ် ခဲ့သည်။

“ ဒီနေ့ပွဲက လက်ရွေးစင်ကစားသမားအချို့ရဲ့ အပြုအမူက ကိုယ့်စိတ်ကို ထိန်းချုပ်မှု အားနည်းတာ တွေ့ရပါတယ်။ ဒါတွေက တကယ်တမ်းနိုင်ငံတကာပြိုင်ပွဲ သွားကစားရင် ဒီအပြုအမူတွေက ပြဿနာဖြစ်နိုင်ပါတယ်။ အပြစ်ပြောတာမဟုတ်ပါဘူး အကြံပေးတာပါ။ သူတို့က လက်ရွေးစင်ကစားသမားတွေ ဖြစ်တဲ့အတွက် စိတ်ကို ပိုထိန်းချုပ်ပြီး ကစားသင့်ပါတယ်။ မဟုတ်ရင် လူငယ်တွေအနေနဲ့ သူတို့ရဲ့ အားကျတဲ့ ကစားသမားတွေ အပြုအမူကို အတုယူမှားစေနိုင်ပါတယ် ” ဟု ရခိုင်နည်းပြချုပ် ဦးအောင်ဇော်မျိုးက ဆိုသည်။

ရန်ကုန်အသင်းနှင့် ရခိုင်အသင်းတို့ပွဲတွင် ရန်ကုန်အသင်း၌ လက်ရွေးစင်ကစားသမားများအဖြစ် ကြည်လင်း၊ ကျော်ကိုကို၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း အစရှိသည့် ကစားသမားများပါဝင်သည့်အပြင် လူငယ်လက်ရွေးစင်ကစားသမားများဖြစ်သည့် သီဟထက်အောင်၊ သန်းပိုင်၊ သိန်းဇော် တို့လည်း ပါဝင်ကစားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly