မကွေးတိုင်း မင်းဘူး နှင့် မင်းလှကြား ဘိန်းစိုက်ခင်းများ တွေ့ရှိ

မကွေးတိုင်း မင်းဘူး နှင့် မင်းလှကြား ဘိန်းစိုက်ခင်းများ တွေ့ရှိ
(ဓာတ်ပုံ-ဒေါင်းလူ)

မင်းဘူး၊ ဖေဖော်ဝါရီ ၂၂ ။         ။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်နှင့် သရက်ခရိုင်၊ မင်းလှမြို့နယ်ကြားတွင် ဘိန်းစိုက်ခင်း ၃ ဧကခန့်တွေ့ရှိခဲ့ပြီး၊မင်းဘူးခရိုင်ရဲတပ်ဖွဲ့က ဖျက်ဆီးရှင်းလင်းနိုင် ခဲ့သည်ဟု ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၂ရက်က မဇ္ဈိမသို့ ပြောသည်။

"ဘိန်းပင်တွေက အရွယ်အစား(၄)လက်မကနေ (၄)ပေအထိရှိတယ်။ အသီးအပွင့် ဖြစ်ဆဲအနေအထားတွေ့ရတယ်။ ဘိန်းပင်တွေကို အစေးခြစ်ထုတ်တဲ့ အနေအထားကိုလည်း တွေ့ခဲ့ရတယ်။ ဧကအနေနဲ့ (၃)ဧကကျော်ကျော်ရှိပြီး စိုက်ပျိုးသူတွေကို ဖမ်းဆီးနိုင်ဖို့ အပူတပြင်းစုံစမ်းနေပါတယ်။" ရဲအုပ်လေးလှိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက် ညနေပိုင်းက မင်းဘူးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု အဖွဲ့ခေါင်းဆောင်၊ ရဲအုပ်လေးလှိုင်နှင့် ငဖဲမြို့နယ်၊ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးတို့သည် သတင်းအရ ငဖဲမြို့နယ်၊ ပဘွေး ကျေးရွာအုပ်စု ဆွီဟင်ကျေးရွာတောင်ဘက်(၈)မိုင်ခန့်အကွာ၊ မင်းလှမြို့နယ်၊ ဇင်ဂေါင်ကျေးရွာအနောက်ဘက်(၄) မိုင်ခန့်အကွာသို့ အင်အား(၂၄)ယောက်ဖြင့် သွားရောက်ရှာဖွေ ဖျက်ဆီးခဲ့ခြင်းဖြစ် သည်ဟု မင်းဘူးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု ရဲအုပ်လေးလှိုင်က ပြောသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်ကလည်း မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စွန်တက်ကျေးရွာတောင်ဘက်၁၀မိုင်ခန့် အကွာတွင် ဘိန်းစိုက်ခင် း(၂)ဧကခန့်ကို ရှာဖွေဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၁၆ခုနှစ် အတွင်း ယခုစိုက်ခင်းအပါအဝင် နှစ်ကြိမ်တိုင်တိုင် ဘိန်းခင်းများ တွေ့ရှိဖျက်ဆီးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly