လက်နက်စျေးကွက်ကို ကန် က လွှမ်းမိုးထားဆဲ၊ အာရှနှင့် အရှေ့အလယ်ပိုင်းက လက်နက်ကို တိုးမြှင့်တင်သွင်းလာ

လက်နက်စျေးကွက်ကို ကန် က လွှမ်းမိုးထားဆဲ၊ အာရှနှင့် အရှေ့အလယ်ပိုင်းက လက်နက်ကို တိုးမြှင့်တင်သွင်းလာ

စတော့ဟုမ်း၊ ဖေဖော်ဝါရီ - ၂၂ ။            ။ လက်နက်အရောင်းအဝယ်ကို အမေရိကန်ပြည်ထောင်စုက တိုး၍ လွှမ်းမိုးလာမှုနှင့်အတူ ကမ္ဘာနှင့်အဝန်း အဓိကလက်နက်များ သယ်ပို့မှုမှာလည်း မကြာသေးမီနှစ်များအတွင်း မြှင့်တက်လာခဲ့ရာ အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းသို့ လက်နက်စီးဆင်းမှုမှာလည်း တိုးမြင့်လာခဲ့သည်ဟု ဖေဖော်ဝါရီ ၂၂ရက်တွင် ထုတ်ပြန်ခဲ့သည့် သုတေသနတစ်ရပ်အရ သိရှိရသည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI)၏ အစီရင်ခံစာအရ ရောင်းချမှုနှင့် လှူဒါန်းမှုအပါအဝင် နိုင်ငံတကာတွင် အဓိကလက်နက်များ သယ်ပို့သည့် ပမာဏမှာ ၂၀၁၁မှ ၂၀၁၅အတွင်းတွင် ယခင်၅နှစ်တာကာလထက် ၁၄ရာခိုင်နှုန်း ပိုမိုမြင့်မားလာခဲ့ပြီး အမေရိကန်နှင့် ရုရှက အများဆုံးတင်ပို့နေသည်ဟု ဆိုသည်။

လက်နက်အများဆုံး တင်သွင်းသည့် နိုင်ငံများမှာ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ တရုတ်နှင့် ယူအေအီးတို့ဖြစ်သည်ဟု ဆိုသည်။

အစီရင်ခံစာပြုစုသူများက ဆော်ဒီခေါင်းဆောင်သည့် ညွှန့်ပေါင်းအဖွဲ့က အစိုးရကို ကျောထောက်နောက်ခံပြု၍ အီရန်က ထောက်ခံနေသည့် ရှီးအိုက် ဟူသီသူပုန်များကို တိုက်ခိုက်နေရာ ယီမင်စစ်ပွဲကို သာဓကပြသည်။

‘အာရပ်နိုင်ငံများ ညွှန့်ပေါင်းတပ်ဖွဲ့က အမေရိကန်နဲ့ ဥရောပအရင်းမြစ် အဆင့်မြင့်လက်နက်တွေကို ယီမင်မှာ အသုံးချနေကြတယ်’ဟု သုတေသီ ပီတာ ဝိဇ်မန်းက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာနှင့်အဝန်းမှာ အမျိုးအစားစုံလင်လှသည့် လက်ခံသူများထံသို့ အဓိကလက်နက်များကို ရောင်းချ (သို့မဟုတ်) လှူဒါန်းနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘ဒေသန္တရ စစ်ပွဲတွေနဲ့ တင်းမာမှုတွေက ဆက်လက်မြင့်တက်နေတယ်။ အမေရိကန်ကတော့ အကျိုးအမြတ် အတော်များများရနေတဲ့ ကမ္ဘာနှင့်အဝန်း ထိပ်တန်း လက်နက်ရောင်းချသူအဖြစ် ရပ်တည်နေဆဲပါပဲ’ဟု SIPRI၏ လက်နက်နှင့် စစ်ရေးအသုံးစရိတ်ပရိုဂရမ်၏ ဒါရိုက်တာ အော်ဒီ ဖလောရင့်က ပြောကြားခဲ့သည်။

‘အမေရိကန်ပြည်ထောင်စုက လွန်ခဲ့တဲ့ ၅နှစ်အတွင်းမှာ အနည်းဆုံး နိုင်ငံပေါင်း ၉၆နိုင်ငံကို အဓိကကျတဲ့ လက်နက်တွေ ရောင်းချ (ဒါမှမဟုတ်) လှူဒါန်းခဲ့ပြီး၊ အမေရိကန် လက်နက်လုပ်ငန်းဟာ F-35 တိုက်လေယာဉ် ၆၀၀ကျော်အပါအဝင် မြောက်များလှတဲ့ လက်နက်အမှာစာတွေကို ရရှိထားခဲ့တယ်’ဟုလည်း ဖလောရင့်က ပြောကြားခဲ့သည်။

အမေရိကန် လက်နက်များ၏ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သည့် ၄၁ရာခိုင်နှုန်းမှာ ဆော်ဒီအာရေဗျနှင့် အရှေ့အလယ်ပိုင်း ကျန်ဒေသများသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။

 ‘ရေနံဈေးနှုန်းတွေ ကျဆင်းနေပေမယ့်လည်း လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကြောင့် လက်နက်အမြောက်အများ အရှေ့အလယ်ပိုင်းကို ဆက်ပြီး စီးဝင်နေဦးမှာပါ’’ဟု ဝိဇ်မန်းက ပြောကြားသည်။

ယူကရိန်းအရေးအပေါ် မော်စကိုကို အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှုနှင့် တိုက်ဆိုင်စွာပင် ၂၀၁၄နှင့် ၂၀၁၅ခုနှစ်များတွင် အဆင့်ကျသွားခဲ့သော်လည်း ရုရှ၏ ဈေးကွက်ဝေစုမှာ ၂၅ရာခိုင်နှုန်းအထိ ၃မှတ် မြင့်တက်လာမှုနှင့်အတူ SIPRI၏ လက်နက်တင်ပို့သူများစာရင်းတွင် ရုရှမှာ ဒုတိယနေရာတွင် ရပ်တည်နေသည်။

အိန္ဒိယမှာ ရုရှလက်နက်များ၏ ကြီးမားသောအစိတ်အပိုင်းကို ဝယ်ယူနေသူဖြစ်ပြီး၊ ယူကရိန်းမှ မော်စကိုလိုလားသည့် သူပုန်များမှာလည်း ရုရှလက်နက် သုံးစွဲသူများထဲတွင် ပါဝင်နေသည်။

အာဖရိက၊ အာရှ၊ ပစိဖိတ်နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းသို့ လက်နက်စီးဆင်းမှုမှာ ၂၀၀၆-၂၀၁၀နှင့် ၂၀၁၁-၂၀၁၅ ငါးနှစ်အပိုင်းအခြား ကာလနှစ်ခုအတွင်း ဆက်တိုက် မြင့်မားလာခဲ့သော်လည်း ဥရောပသို့ စီးဝင်မှုမှာမူ သိသိသာသာ ကျဆင်းသွားခဲ့ကာ အမေရိကတိုက် နိုင်ငံများသို့ လက်နက်စီးဆင်းမှုမှာလည်း အနည်းငယ် လျော့ကျသွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly