မန်စီးတီးကစားသမားများကို ချယ်လ်ဆီးပရိသတ်များ အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့

မန်စီးတီးကစားသမားများကို ချယ်လ်ဆီးပရိသတ်များ အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့

ဖေဖေါ်ဝါရီ ၂၂၊ ရန်ကုန် ။              ။ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် စတန်းဖို့ဒ်ဘရစ်ချ်တွင်ကစားခဲ့သော ချယ်လ်ဆီး-မန်စီးတီးပွဲတွင် ချေပဂိုးသွင်းယူပြီးနောက်အောင်ပွဲခံခဲ့သည့် မန်စီးတီး လူငယ်ကစားသမား ဖူပါလာနှင့် မန်စီးတီးကစားသမား များကို ချယ်လ်ဆီးပရိသတ်များက အကြွေစေ့ဖြင့်ပစ်ပေါက်ခဲ့ကြသည်။

ယင်းဖြစ်ရပ်မှာ စနေနေ့ကကစားခဲ့သော အက်ဖ်အေဖလားပဉ္စအဆင့်ပွဲစဉ်ဖြစ်သည့် ရီဒင်း-ဝက်စ်ဘရွန်းပွဲတွင် အိမ်ရှင်ရီဒင်းပရိသတ်များက ဝက်စ်ဘရွန်းကစားသမား ဘရန့်ကိုအကြွေစေ့ဖြင့်ပစ်ပေါက်ပြီး ၂၄ နာရီအတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချယ်ဆီးပရိသတ်များမှာ လူငယ်ကစားသမားခြောက်ဦးအထိ ပွဲထွက်စာရင်းတွင် အသုံးပြုခဲ့သော မန်စီးတီးအသင်းလူစာရင်းကို မကျေနပ်ခဲ့သလို ချေပဂိုးသွင်းပြီးအောင်ပွဲခံခဲ့သည့် မန်စီးတီးလူငယ်များ ကိုလည်း အကြွေစေ့ဖြင့်ပစ်ပေါက်ကာ အော်ဟစ်ရှုတ်ချခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ချယ်လ်ဆီးအသင်းမန်နေဂျာ ဟစ်ဒင့်က “ကျွန်တော်ဒီဖြစ်ရပ်ကိုမြင်ခဲ့တယ်။ မန်စီးတီးကစားသမားတွေအောင်ပွဲခံချိန်မှာ အကြွေစေ့နဲ့ပစ်ခဲ့ကြတာပါ။ ကျွန်တော်ဒီဖြစ်ရပ်ကို အပြင်းအထန်ရှုတ်ချပါတယ်။ ဒီလိုပရိသတ်တွေဟာ ဘောလုံးကွင်းထဲကိုမလာသင့်ပါဘူး။”ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

မန်စီးတီးနည်းပြ ပယ်လီဂရီနီကမူ ယင်းဖြစ်စဉ်ကိုတွေ့မြင်ခဲ့ခြင်းမရှိကြောင်းနှင့် မိမိကစားသမားများအဝတ်လဲခန်းအတွင်း အကြွေစေ့ဖြင့်ပစ်ပေါက်ခံရခြင်းကို ပြောခဲ့ခြင်းမရှိသဖြင့် မှတ်ချတ်မပေးနိုင်ကြောင်းငြင်းဆန်ခဲ့သည်။

ချယ်ဆီးအသင်းအနေဖြင့် ကွင်းအတွင်းအကြွေစေ့ဖြင့်ပစ်ပေါက် ခဲ့သော ပရိသတ်ကိုရဲတပ်ဖွဲ့မှရှာဖွေရာတွင်ကူညီပေးနေပြီး ကွင်းအတွင်းကြည့်ရှုခွင့်ရာသက်ပန်ပိတ်ရန်လည်း စီစဉ်ထားသည်။

“ဒီလိုအန္တာရယ်ရှိတဲ့အပြုအမူမျိုးကို ကျွန်တော်တို့တားဆီးရမှာပါ။ ကျွန်တော်တို့စုံစမ်းလို့ရရင် ရာသက်ပန်ပွဲပယ်မယ်။”ဟု ချယ်လ်ဆီးအသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။ ချယ်လ်ဆီးအသင်းမှာ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်တွင် မန်စီးတီးကို ၅-၁ဂိုးဖြင့်အနိုင်ရပြီးနောက် ကွာတားဖိုင်နယ်အဆင့်တွင် အဲဗာတန်နှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly