အိန္ဒိယစစ်တပ်က ဒေလီရေအရင်းမြစ်ကို ပြန်လည်သိမ်းပိုက်၊ အမျိုးဇာတ်ခွဲခြားမှု ဆန့်ကျင်မှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိ

အိန္ဒိယစစ်တပ်က ဒေလီရေအရင်းမြစ်ကို ပြန်လည်သိမ်းပိုက်၊ အမျိုးဇာတ်ခွဲခြားမှု ဆန့်ကျင်မှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိ

နယူးဒေလီ၊ ဖေဖော်ဝါရီ - ၂၂ ။             ။ ဒေလီမြို့တော် သောက်သုံးရေ၏ ၅ ပုံ ၃ ပုံ ကို ထောက်ပံ့ပေးနေသည့် တူးမြောင်းကို အိန္ဒိယစစ်တပ်က ထိန်းချုပ်နိုင်လိုက်ပြီဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ် က ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သောကြောင့် လူဦးရေ သန်း ၂၀ကျော် မှီတင်းနေထိုင်သည့် မြို့တော်ကြီးတွင် ရေအကျပ်အတည်းကို ရှောင်လွှဲနိုင်မည့် မျှော်လင့်ချက်များ မြင့်မားလာခဲ့သည်ဟု ဆိုသည်။

ဝန်ကြီးချုပ် အာဝင် ကီရီဝါက လူမှုကွန်ရက် တွစ်တာတွင် ပြောကြားချက်အရ စစ်တပ်က ဒေလီမြို့၏ မြောက်ဘက်ရှိ မူနက်တူးမြောင်း ဂိတ်တံခါးများကို ဆန့်ကျင်ဆန္ဒပြသူများထံမှ ပြန်လည်ရယူ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး မြို့တော်သို့ ရေရောက်ရှိလာရန် ကြာချိန်ကို ခန့်မှန်းနေသည်ဟု ဆိုသည်။

အိမ်နီးချင်း ဟာယာနာပြည်နယ်တွင် ဇာတ်နိမ့် ဂျတ်အမျိုးနွယ်များ၏ ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ကားလမ်း၊ ရထားလမ်းများ ပြတ်တောက်သွားသည့်အပြင် ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ အမျိုးသားရေး ဝါဒီပါတီ ခေါင်းဆောင်သည့် ပြည်နယ်နှင့် ဗဟိုအစိုးရအာဏာပိုင်များကို အန်တု အကြမ်းဖက်ကြရာမှ အနည်းဆုံး ၁၀ယောက် အသတ်ခံခဲ့ရသည်။

ဂျတ်များ၏ အစိုးရအလုပ်နှင့် ပညာရေးဌာန ရာထူးများအတွက် တောင်းဆိုမှုကို အစိုးရက အလျှော့ပေးခဲ့သော်လည်း ဆန္ဒပြမှုခေါင်းဆောင်များကမူ လှုံ့ဆော်မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့သည်။  

‘ဆန့်ကျင်ဆန္ဒပြမှုတွေကို ကျနော်တို့ ဆက်လုပ်သွားမှာပါ။ အစိုးရက သူတို့ရဲ့ ဖိနှိပ်တဲ့ နည်းဗျူဟာတွေကို ကျနော်တို့ မခုခံနိုင်ဖြစ်သွားမယ်လို့ ထင်နေတယ်။ သူတို့ဟာ ကျနော်တို့ကို လျစ်လျူရှုထား တာက အမှားကြီးကို ကျူးလွန်တာပါပဲ’ဟု ဂျတ်အခွင့်အရေး လှုပ်ရှားမှုအဖွဲ့၏ ညီလာခံကို စည်းရုံးကျင်းပသူ ရာမတ် ဒါလယ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

‘ဂျတ်တွေဟာ တိုက်ပွဲကို အနိုင်တိုက်ဖို့ သန္နိဌာန်ချထားကြပါတယ်။ သူတို့က ကျနော်တို့ ဒေါသကို ထိန်းချုပ်ဖို့ စစ်တပ်ကို လွှတ်လိုက်ပေမယ့်လည်း သူတို့ ရှုံးပြီးသားပါ’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရက်သတ္တပတ် အဆုံးရက်တွင် မြို့တော်၏ အနောက်ဘက်ရှိ လူဦးရေ ၂၅သန်း မှီတင်းနေထိုင်သည့် ကျေးလတ်ပြည်နယ် ဟာယာနာတစ်လွှားတွင် အဓိကရုဏ်းများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly