မြောက်ကိုရီးယား စစ်တပ်အကြီးအကဲသစ်အဖြစ် ရီမြောင်ဆူးအား နိုင်ငံပိုင်သတင်းတွင် ဖော်ပြ

မြောက်ကိုရီးယား စစ်တပ်အကြီးအကဲသစ်အဖြစ် ရီမြောင်ဆူးအား နိုင်ငံပိုင်သတင်းတွင် ဖော်ပြ

ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၂ ။             ။ မြောက်ကိုရီးယားနိုင်ငံ၏ စစ်တပ်ခေါင်းဆောင် ရီယောင်ဂျီအား ကွပ်မျက်လိုက်သည်ဆိုသော အတည်မပြုနိုင်သည့် သတင်းများထွက်ပြီးနောက် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံ စစ်တပ်အကြီးအကဲအဖြစ် ရီမြောင်ဆူးအား နိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်လွှင့်သွားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်၏ လှုပ်ရှားဆောင်ရွက်မှုများကို တင်ဆက်ရာ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က စစ်တပ်အကြီးအကဲအဖြစ် ရီမြောင်ဆူးအား ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ကင်ဂျုံးအွန်၏ လက်အောက်တွင် အဆင့်မြင့်တာဝန်ရှိသူအတော်များများ သုတ်သင်ဖယ်ရှားခြင်းခံရသော်လည်း ရီယောင်ဂျီအား ဖယ်ရှားမှုနှင့် ပတ်သက်ပြီး အတည်ပြုသေးခြင်းမရှိပေ။

သို့သော်လည်း မြောက်ကိုရီးယားက အကြီးတန်းတာဝန်ရှိသူတစ်ချို့နှင့် ပတ်သက်သည့် သတင်းများ လူမြင်ကွင်းမှ အချိန်ကြာ ပျောက်ကွယ်နေရာမှ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ဖေဖော်ဝါရီ ၁၀ ရက်က တောင်ကိုရီးယားသတင်းဌာနတစ်ခုက ဗိုလ်ချုပ်ကြီး ရီယောင်ဂျီအား ယခုလအစောပိုင်းက အကျင့်ပျက်ခြစားမှုနှင့် လျှို့ဝှက်ကြံစည်မှုတို့ဖြင့် ကွပ်မျက်ခြင်းခံရကြောင်း သတင်းထုတ်လွှင့်ခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်က KCNA ၏ သတင်းထုတ်လွှင့်မှုတွင် ဗိုလ်ချုပ်ကြီး ရီမြောင်ဆူးအား မြောက်ကိုရီးယားပြည်သူ့စစ်တပ် KPA ၏ အကြီးအကဲအဖြစ် နှစ်ကြိမ်တိုင် ထုတ်လွှင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရီယောင်ဂျီကွပ်မျက်ခံရသည့် သတင်းများသည် မြောက်ကိုရီးယားနိုင်ငံက ပိတ်ပင်မှုများကို ချိုးဖောက်သည်ဟု ဝေဖန်ခံရသော တာဝေးပစ်ဒုံးကျည်ပစ်လွှတ်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

ဇန်နဝါရီလအတွင်းကလည်း မြောက်ကိုရီးယားသည် ၎င်း၏ စတုတ္ထမြောက် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly