တရုတ် စီချွမ်ပြည်နယ်၌ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးကာ နေအိမ်များပျက်စီး

တရုတ် စီချွမ်ပြည်နယ်၌ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးကာ နေအိမ်များပျက်စီး

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် စက်တင်ဘာ ၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ ရစ်ချ်တာစကေး ရှိ ငလျင်ကြောင့် လူ ၇ ဦးသေဆုံးပြီုး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် CCTV မီဒီယာက ဖော်ပြသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ဂန်ဇီတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ လူဒင်ကောင်တီတွင် ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြေပြိုမှုများဖြစ်ပေါ်ပြီး အိမ်များ ပျက်စီးကာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းများ ကြုံတွေ့ခဲ့ရသည်။

ပြိုကျနေသော အိမ်များအောက်တွင် လူတချို့ပိတ်မိနေသည်ဟု CGTN သတင်းက ထုတ်လွှင့်ခဲ့သော်လည်း အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။ 

အနီးအနားဒေသများတွင်လည်း နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့သည်။

စီချွမ်ပြည်နယ် မီးသတ်နှင့်ကယ်ဆယ်ရေးဌာနက ငလျင်လှုပ်ရာ ဗဟိုချက်နေရာသို့ ကယ်ဆယ်ရေးသမား ၃၀ စေလွှတ်ထားသလို တခြားဒေသ ၇ ခုမှ ကယ်ဆယ်ရေးသမား ၅၃၀ ခန့်ကိုလည်း စေလွှတ်ထားသည်။

ငလျင်လှုပ်ခတ်မှုအပြီး စီချွမ်ငလျင်စီမံခန့်ခွဲရေးဌာနက အဆင့် ၂ အရေးပေါ်တုံ့ပြန်မှု စတင်လုပ်ဆောင်ခဲ့သည်။ ငလျင်ဗဟိုချက်ဖြစ်သော လူဒင်ကောင်တီရှိ မိုဇီမြို့တွင် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်လျက် ရှိသည်။

လူဒင်ကောက်တီအနီးရှိ ယာအန်းမြို့တွင်လည်း ပြင်းအား ၄ ဒသမ ၂ ပမာဏရှိ အခြားငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး သေဆုံးမှုနှင့် ပျက်စီးမှုအတိုင်းအတာကို မသိရသေးပေ။

 အပေါ်လွှာပြတ်ရွေ့ကြောင်းများရှိရာ တိဗက်ကုန်းပြင်မြင့်အစွန်းတွင်ရှိသော စီချွမ်ပြည်နယ်သည်  ငလျင်ဒဏ်ကို ခံရလေ့ရှိသည်။ ဇွန်လကလည်း ယင်းဒေသတွင် ငလျင် ၂ ခုလှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly