တရုတ်ရဲများက သားသတ်ရုံများသို့ ပို့ဆောင်မည့် ကြောင် ၁၅၀ ကို ကယ်တင်

By CNA
04 September 2022
တရုတ်ရဲများက သားသတ်ရုံများသို့ ပို့ဆောင်မည့် ကြောင် ၁၅၀ ကို ကယ်တင်

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် သားသတ်ရုံများသို့ ပို့ဆောင်မည့် ကြောင်အကောင်ရေ ၁၅၀ နီးပါးကို ရဲများက ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်းက ပြောကြားလိုက်သည်။

ရှန်တုံပြည်နယ်အရှေ့ပိုင်း ကျီနန်မြို့တွင် သံချေးတက်နေသော လှောင်အိမ်များတွင် တိရိစ္ဆာန်များကို စုပြုံထည့် ထားသည်ကို ရဲများက တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာလူသားဆန်သည့်အဖွဲ့အစည်း (HSI) သြဂုတ် ၃၀ရက် တွင် ထုတ်ပြန်ခဲ့သည်။

ဂိုဏ်းတစ်ဂိုဏ်းသည် စာကလေးငှက်များကို ငါးစာအဖြစ် လှောင်အိမ်များအတွင်းထည့်ထားပြီး ကြောင်တစ် ကောင် ဝင်ရောက်လာသည်နှင့် တပြိုင်နက် ထောင်ချောက်များကို ပိတ်နိုင်သည့် အဝေးထိန်းခလုတ်ကို အသုံးပြုခဲ့ကြောင်း ဒေသတွင်း တိရစ္ဆာန်အခွင့်အရေးအဖွဲ့ VShine မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြား ခဲ့သည်။

"သူတို့ ဖြစ်နေတဲ့ အခြေအနေကို မြင်ရတာ တုန်လှုပ်မိပါတယ်။ အများစုက ပိန်လှီပြီး အော်ဟစ်နေကြပါတယ်" ဟု  ဟွမ်အမည်ရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက HSI သို့ ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

 “ကြောင်တွေကို မျှားခေါ်ရာမှာ အသုံးပြုတဲ့ ဒါဇင်နဲ့ချီတဲ့ အသက်ရှင်တဲ့ စာကလေးတွေကို တွေ့ရှိရတာ အလွန်ထိတ်လန့်မိပါတယ်” 
ကယ်ဆယ်ထားသော ကြောင်အများစုသည် အိမ်မွေးတိရစ္ဆာန်များဟု ယူဆရပြီး ဒေသဆိုင်ရာ တိရစ္ဆာန်ဂေဟာ များသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တက်ကြွလှုပ်ရှားသူများသည် အခင်းဖြစ်ပွားရာနေရာ၌ တရုတ်တွင် ရှားပါးမျိုးစိတ်အဖြစ်သတ်မှတ်ထားသော စာငှက် ၃၁ ကောင်ကိုလည်း တွေ့ရှိခဲ့သဖြင့် တောထဲပြန်လွှတ်ပေးခဲ့သည်။
 
တရုတ်တွင် တစ်နှစ်လျှင် ခွေးကောင်ရေ ၁၀ သန်းနှင့် ကြောင် ၄ သန်းခန့် အသတ်ခံနေရကြောင်း HSI မှ ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly