မေးခွန်းပေါက်ကြားမှု ကျောင်းအုပ် လေးဦးကို နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှုဖြင့် အရေးယူထား

မေးခွန်းပေါက်ကြားမှု ကျောင်းအုပ် လေးဦးကို နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှုဖြင့် အရေးယူထား

ဖေဖော်ဝါရီလ ၂၁ ရက် ။ ။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ စတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများ ပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ မကွေးတိုင်း ချောက်မြို့နယ်မှ ကျောင်းအုပ် လေးဦးအား ချောက်မြို့နယ်ပညာရေးမှူးက ဖေဖော်ဝါရီ ၂၀ရက်က တရားလိုပြု တိုင်တန်းသဖြင့် ချောက်မြို့နယ်၊မြို့မရဲစခန်းက လျို့ဝှက်ချက်ပေါက်ကြားမှုဥပဒေပုဒ်မဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ချောက်မြို့၊ သလုံးသွေး အလက(ခွဲ)ကျောင်း၊ ထိန်းစမ်း အလက(ခွဲ)ကျောင်း၊ အမှတ်(၁၀၉) အလက(ခွဲ)ချောင်းပိုက် ကျေးရွာတို့မှ ကျောင်းအုပ်ဆရာ(၄)ဦးအား ချောက်မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ဝင်းက တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ကျောင်းအုပ်(၃)ဦးကို နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ စစ်ဆေးနေပါတယ်။ ဖေဖော်ဝါရီ ၂၀ရက်နေ့ကတော့ မကွေးတိုင်းပညာရေးမှူးရုံးက ခေါ်ယူစစ်ဆေးခဲ့ပါသေးတယ်။" ဟု ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်း ဦးမင်းမင်းစိုးက ပြောသည်။

ဖေဖော်ဝါရီ ၂၁ရက် နေ့လည်ပိုင်းတွင် သုံးဦးကို အမှုဖွင့်ခဲ့ပြီး ညနေပိုင်းတွင် နောက်ထပ်တစ်ဦးအား ထပ်မံ အမှုဖွင့်ခဲ့ကြောင်း သတင်း ရရှိခြင်းဖြစ်သည်။

ယင်းကျောင်းအုပ် သုံးဦးသည် စာမေးပွဲမေးခွန်းလွှာများကို လျို့ဝှက်လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသူများဖြစ်ကြသော်လည်း မိမိတို့သဘောဆန္ဒအလျောက် ဖွင့်ဖောက်၍ မသက်ဆိုင်သူများထံဖြန့်ဝေခြင်း၊ ပညာရေးဌာန၏ စာမေးပွဲမေးခွန်းလွှာများ ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပြီး အချိန်မတိုင်မီ ဖြန့်ဝေပေါက်ကြားခဲ့ခြင်း၊ ရာထူးတာဝန်အလျောက် လျို့ဝှက်လုံခြုံစွာ ထိန်းသိမ်းရမည့် မေးခွန်းများကို အချိန်မတိုင်မီ ဖွင့်ဖောက်ဖြန့်ဝေပေါက်ကြားစေခဲ့မှုဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီလ ၁၄ရက်တွင် ချောက်မြို့၊ အမှတ်(၁၂)ရပ်ကွက်၊ ရွှေတွင်းကုန်းရပ်ကွက်တွင် (၈)တန်းနှင့် (၄)တန်း မေးခွန်းလွှာများ လူမှုကွန်ယက်စာမျက်နှာဖြစ်သော Facebook မှတစ်ဆင့် ပျံ့နှံ့ခဲ့ခြင်းကြောင့် ပညာရေးမှူးက တိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်း ဦးမင်းမင်းစိုးက ပြောသည်။

ချောက်မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်ဝင်းက ဖေဖော်ဝါရီ ၂၀ရက် နေ့လည်က လာရောက်တိုင်ကြားသဖြင့် ချောက်မြို့၊မြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၆လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၅(၁)(က)(ဂ)အရ အရေးယူမှု ပြုလုပ်ထားကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းပညာရေးမှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း  ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ ချောက်မြို့ နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် မြို့နယ်ပညာရေးမှူးသည် တိုင်းပညာရေးမှူးရုံးသို့ သွားနေကြောင်း နှင့် ၎င်း၏ လက်ကိုင်ဖုန်းမှာ ရုံး၌မေ့ကျန်ခဲ့ကြောင်းသာ ဖြေကြားခဲ့သည်။ တိုင်ကြားခံထားရသူ ကျောင်းအုပ်များ၏ ဖုန်းများမှာလည်း အသိမ်းဆည်းခံထားသည်ဟု ကြားသိရကြောင်း ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly