အာဖဂန်ကျောင်းသူများ ပြည်ပသို့ သွားရောက်ပညာသင်ယူရန် နိုင်ငံမှ ထွက်ခွာခွင့် တာလီဘန်တို့ ပိတ်ပင်

အာဖဂန်ကျောင်းသူများ ပြည်ပသို့ သွားရောက်ပညာသင်ယူရန် နိုင်ငံမှ ထွက်ခွာခွင့် တာလီဘန်တို့ ပိတ်ပင်

အာဖဂန်နစ္စတန်တွင် ပြန်လည်အာဏာရနေသည့် တာလီဘန်တို့သည် ကာဇက်စတန်နှင့် ကာတာတို့တွင် သွားရောက်ပညာသင်ယူလိုသည့် ကျောင်းသူမိန်းကလေးများကို မြို့တော် ကဘူးလ်မှ ထွက်ခွာခွင့်  မပေးဘဲ ပိတ်ပင်ထားခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Sputnik က ဖော်ပြသည်။

ကျောင်းသူမိန်းကလေးများရော၊ ကျောင်းသားများရောကပါ ကဘူးလ်မှ ထွက်ခွာပြီး ပြည်ပတွင် သွားရောက်ပညာသင်ယူရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သော်လည်း ကျောင်းသားများသာလျင် ပြည်ပတွင် သွားရောက်ပညာသင်ယူရန် အာဖဂန်မှ ထွက်ခွာခွင့်ရခဲ့ကြောင်း သတင်းရင်းမြစ်များက ဩဂုတ် ၂၆ ရက်တွင် ပြောသည်။

အာဖဂန်နစ္စတန်တွင် အမေရိကန် ကျောထောက်နောက်ခံပြု ယခင်အစိုးရ ပြုတ်ကျပြီး အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီးနောက် တာလီဘန် ဦးဆောင်သော ကြားဖြတ်အစိုးရတစ်ရပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အာဏာရနေခဲ့သည်။

ထို့နောက် တာလီဘန်တို့သည် အာဖဂန်အမျိုးသမီးများ အိမ်ပြင်ထွက် အလုပ်လုပ်ခြင်းအပေါ် တားမြစ်ခဲ့သလို စာသင်ကျောင်းများတွင်လည်း ကျား၊ မ ခွဲခြားမှု စနစ်ကို ကျင့်သုံးခဲ့သည်။ မိန်းကလေးများကိုလည်း ၆ တန်း ထက် ကျော်လွန်ပြီး ပညာသင်ယူခွင့် ပိတ်ပင်ထားခဲ့သည်။

ထို့ပြင် တာလီဘန်တို့သည် အမျိုးသမီးအားလုံး လူမြင်ကွင်းတွင် မျက်နှာများ ဖုံးကာထားရန် ညွှန်ကြားထားခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များတွင်လည်း အမျိုးသမီးများကို ပါဝင်ခွင့် မပြုသလို ဥယျာဉ်ပန်းခြံများကိုလည်း အမျိုးသမီးများ အမျိုးသားများနှင့် တစ်ချိန်တည်း သွားလာလည်ပတ်ခြင်းအပေါ် တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly