ပါကစ္စတန်နိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် ဒေါ်လာ ၁၀ ဘီလီယံအထိ ဆုံးရှုံးမှု ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် ဒေါ်လာ ၁၀ ဘီလီယံအထိ ဆုံးရှုံးမှု ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံတစ်ဝန်း သီတင်းပတ်များစွာကြာ မိုးကြီးပြီး ရေလွှမ်းမိုးမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၁၀ ဘီလီယံထက်မနည်း ရှိမည်ဟု ဖက်ဒရယ်အစိုးရက ခန့်မှန်းသည်။ အထူးသဖြင့် ဆင်းဒ်ပြည်နယ်တွင် ဖြစ်ပေါ်သည့် ထိခိုက်ဆုံးရှုံးမှုတန်ဖိုးက ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ (ရူပီး ၃၅၅ ဘီလီယံ) ကျော် ရှိပြီး အဓိကကျသည့် ကောက်ပဲသီးနှံအားလုံး ပျက်စီးသွားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်က ရေကြီးမှုကြောင့် ဖြစ်ပေါ်သည့် ထိခိုက်ဆုံးရှုံးမှု ခန့်မှန်းချက်ကို မီဒီယာကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး ရေကြီးမှုများကြောင့် စီးပွားရေးအရ ထိခိုက်မှုတန်ဖိုးသည် ဒေါ်လာ ၁၀ ဘီလီယံထက်မနည်း ရှိလိမ့်မည်ဟု ပြောသည်။ ယင်းသည် အကြမ်းဖျင်းအားဖြင့် နိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု (GDP) ၏ သုံးရာခိုင်နှုန်းခန့် ဖြစ်သည်။

ဆင်းဒ်ပြည်နယ်တွင် မိုးကြီးမှုကြောင့် ဝါ၊ ဆန်စပါးနှင့် စွန်ပလွံ သီးနှံများ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ရူပီး ၁၀၉ ဒသမ ၃၄၇ ဘီလီယံ ဖြစ်ပေါ်ခဲ့သည်ဟု ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေးဆိုင်ရာ အကြံပေး မန်ဇူအာ ဝက်ဆင်က Dawn မီဒီယာကို ပြောသည်။ “ဒါ့အပြင် ငရုတ်နဲ့ အခြား သီးနှံတွေလည်း မိုးကြီးမှုကြောင့် ပျက်စီးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဧက ၁ ဒသမ ၄ သန်းကျော်ရှိ ဝါစိုက်ခင်းအားလုံးနီးပါးအပြင် ဆန်စပါး ၆၀၂၁၂၀ ဧကနှင့် စွန်ပလွံ ၁၀၁၃၇၉ ဧက တို့ ပျက်စီးခဲ့ကြောင်း မစ္စတာ ဝက်ဆင်က ပြောသည်။ “ဧကပေါင်း ၇၂၉၅၈၂ မှာ စိုက်ပျိုးထားတဲ့ ကြံသီးနှံ ၅၀ ရာခိုင်နှုန်းလောက်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်နယ်တွင် မိုးကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြားသီးနှံများ၏ အသေးစိတ်အချက်အလက်များ ကိုလည်း ၎င်းက ပြောသွားခဲ့သည်။ 

အခြားသီးနှံများဖြစ်သော နှမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ မိုးကာလ ဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်နီ စိုက်ခင်းများ၏ ၅၀ ရာခိုင်နှုန်းနီးပါးခန့်လည်း ပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly