အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် တာလီဘန်တို့က တစ်အိမ်တက်ဆင်း ရှာဖွေမှုများ လုပ်ဆောင်

By Khaama
01 September 2022
အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် တာလီဘန်တို့က တစ်အိမ်တက်ဆင်း ရှာဖွေမှုများ လုပ်ဆောင်

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘော့ခ်ပြည်နယ်၏ မြို့တော် မာဇာ-အီ-ရှာရစ်ဖ်တွင် တာလီဘန်တို့က တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေမှုများကို ပြန်လည် စတင်လုပ်ဆောင်ခဲ့ကြောင်း ပြည်တွင်း သတင်းရင်း မြစ်များက ပြောသည်။

မသင်္ကာဖွယ် ပြစ်မှုကျူးလွန်သူများကို ရှာဖွေရန်၊ အိုင်အက်စ်အဖွဲ့ဝင်များကို ချေမှုန်းရန်၊ နိုင်ငံပိုင်နှင့် တရားမဝင် လက်နက်များ ရှာဖွေသိမ်းဆည်းရန် ထိုကဲ့သို့ တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုများကို တာလီဘန်တို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုများသည် မာဇာ-အီ-ရှာရစ်ဖ်မြို့ ရဲစခန်း နယ်မြေအမှတ် ၃ ဧရိယာတွင် ဩဂုတ် ၂၅ ရက်က စတင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

တာလီဘန်အဖွဲ့၏ အမှတ် ၂၀၉ အယ်လ်-ဖက်သ် တပ်ဖွဲ့နှင့် ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မာဇာ-အီ-ရှာရစ်ဖ်မြို့တွင် တစ်အိမ်တက်ဆင်း ရှာဖွေမှုများကို အတူတကွ လုပ်ဆောင်လျက် ရှိကြောင်း ဘော့ခ်ပြည်နယ် တာလီဘန် ရဲတပ်ဖွဲ့အကြီးအကဲရုံး၏ ပြောရေးဆိုခွင့်ရှိသူ အာဆစ်ဖ် ဝါဇီရီက ပြောသည်။

တာလီဘန်တပ်ဖွဲ့များသည် အိုင်အက်စ်အဖွဲ့ကို ချေမှုန်းတိုက်ဖျက်ရန်၊ နိုင်ငံပိုင်လက်နက်များကို သိမ်းယူရရှိနိုင်ရန်၊ အထောက်အထားမဲ့ သေနတ်များကို သိမ်းဆည်းရန်နှင့် သံသယရှိ ပြစ်မှုကျူးလွန်သူများကို ခြေရာခံ ဖမ်းဆီးရန် အားထုတ်မှုအဖြစ် ယခုကဲ့သို့ တစ်အိမ်တက်ဆင်း ရှာဖွေမှုများကို လုပ်ဆောင် နေခြင်းဖြစ်ကြောင်း တာလီဘန်အရာရှိ ဝါဇီရီက ပြောသည်။

ယင်းဖြစ်စဉ်မတိုင်မီကလည်း တာလီဘန်အဖွဲ့ဝင်များသည် နိုင်ငံမြောက်ပိုင်း ဆာမန်ဂန်းပြည်နယ် မြို့တော် အေးဘက်တွင်လည်း တစ်အိမ်တက်ဆင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့သေးကြောင်း အဆိုပါပြည်နယ်မှ ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly