တာလီဘန် ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်တွင် မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်

တာလီဘန် ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်တွင် မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း အမှုအခင်း ဖြစ်ပွားမှုနှုန်း မြင့်တက်လျက် ရှိသည်။ မကြာသေးမီက ဘော့ခ်ပြည်နယ် မြို့တော် မာဇာ-အီ-ရှာရစ်တွင် အငှားယာဉ်မောင်းသည့် သက်ကြီးအမျိုးသားတစ်ဦးကို လက်နက်ကိုင် လုယက်သူများက သတ်ဖြတ်ပြီး ကားကို ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
 
အဆိုပါ ဖြစ်စဉ်တွင် အသက် ၆၄ နှစ်ရှိ အမျိုးသားကြီးသည် ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က အငှားယာဉ် မောင်းနှင်နေခဲ့စဉ် ၎င်းကို လက်နက်ကိုင် အမျိုးသားများက ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။ နောက်တစ်နေ့တွင် အဆိုပါ အမျိုးသားကြီး၏ အလောင်းကို မာဇာ-အီ-ရှာရစ် ရဲစခန်း အမှတ် ၁၀ နယ်မြေတွင် ပြန်တွေ့ခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ဆဲဖြစ်ပြီး လက်ရှိအချိန်အထိ တာလီဘန် လုံခြုံရေးအရာရှိများက မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထိန်းသိမ်းခြင်း မရှိသေးပေ။

ယင်းမတိုင်မီ အစောပိုင်းကလည်း နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် ဂျလာလာဘတ်မြို့တွင် တက္ကသိုလ် ကထိကတစ်ဦးကို လုယက်သူများက ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သလို ဩဂုတ် ၅ ရက်ကလည်း လူလေးဦးပါသည့် လူတစ်စုက အမျိုးသားတစ်ဦးကို အရှင်လတ်လတ် မီးရှို့ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

 အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်မှုနှုန်းနှင့် ဆင်းရဲမွဲတေမှု နှုန်းတို့က အမြင့်ဆုံးအတိုင်းအတာကို ရောက်ရှိနေသလို မှုခင်း ဖြစ်ပွားမှုနှုန်းကလည်း မြင့်တက်နေခဲ့သည်။ အဆိုပါ အခြေအနေမှတစ်ဆင့် လူသတ်မှုများ၊ မိမိကိုယ်ကိုယ် သေကြောင်းကြံမှုများနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ငြင်းခုံမှုများ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုကို ဦးတည်စေကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly