ပါကစ္စတန် ရေဘေးသင့် ဧရိယာများသို့ သွားရောက်သည့် ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဆူပူသောင်းကျန်းမှုဖြင့် အမှုဖွင့်ခံရသူ ရာနှင့်ချီရှိခဲ့

ပါကစ္စတန် ရေဘေးသင့် ဧရိယာများသို့ သွားရောက်သည့် ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဆူပူသောင်းကျန်းမှုဖြင့် အမှုဖွင့်ခံရသူ ရာနှင့်ချီရှိခဲ့

ပါကစ္စတန်နိုင်ငံတွင် ရေကြီးမှုဒဏ်ခံခဲ့ရသည့် နေရာတစ်ခုဖြစ်သော ဆင်းဒ်ပြည်နယ် ဆော့တ်ကာခရိုင်သို့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ဩဂုတ် ၂၆ ရက်က ရောက်ရှိခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံရာချီ အကြမ်းဖက်စွဲချက်များဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း ခရိုင်ရဲတပ်ဖွဲ့က ပြောသည်။

ရဲဝန်ထမ်းများကို တိုက်ခိုက်မှု၊ ကားများကို ကျောက်ခဲများဖြင့် ပစ်ပေါက်မှု၊ အစိုးရနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများကို ထိခိုက်ပျက်စီးစေမှုနှင့် ကယ်ဆယ်ရေးစခန်းတစ်ခုအပြင်ဘက်၌ ရေဘေးသင့်ပြည်သူများကို သွေးထိုးလှုံ့ဆော်မှုတို့ဖြင့် လူ ၁၀၀ ကျော်ကို အကြမ်းဖက်စွဲချက်များဖြင့် FIR (ပထမသတင်းပေးတိုင်ကြားချက်) ဖွင့်လှစ်ထားကြောင်း ဆော့တ်ကာခရိုင်ရဲတပ်ဖွဲ့က ပြောသည်။

သို့သော် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်၊ နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲ ဘူတို ဇာဒါရီ တို့နှင့် တွေ့ဆုံစကားပြောဆိုချင်ခဲ့ကြသည့်ဆန္ဒပြသူများကို ရဲများက အတုအယောင် FIR များ ဖွင့်ခဲ့ခြင်းသာဖြစ်သည်ဟု အဆိုပါခရိုင်မှ ရေဘေးသင့် မိသားစုများက ပြောဆိုကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နိုင်ငံတွင် ရေဘေးဒုက္ခဆိုးနှင့် ဆက်လက်ကြုံတွေ့နေရစဉ် အစားအစာ၊ မိုးကာတဲများ၊ ခြင်ထောင်များ၊ အိပ်ရာများနှင့် အခြား အရင်းအမြစ်ပစ္စည်းကဲ့သို့ ကယ်ဆယ်ရေး ပစ္စည်းများ ၎င်းတို့ မရသေးကြောင်းကို အသိပေးတင်ပြနိုင်ရန် ဆန္ဒပြသူများက ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ခွင့် တောင်းခဲ့ကြကြောင်း မိသားစုများက ပြောသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်၊ နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲ ဘူတို ဇာဒါရီ၊ ဆင်းဒ်ပြည်နယ် ဝန်ကြီးချုပ် မူရတ် အလီ ရှားနှင့် အခြားဝန်ကြီးများသည် ရေကြီးမှု အခြေအနေကို ကြည့်ရှုအကဲခတ်ရန် ဆော့တ်ကာ ခရိုင်သို့ သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် နေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

BA ကောလိပ်အနီး ထူထောင်ထားသည့် ကမ့်စခန်းတစ်ခုသို့ ပါကစ္စတန် ဝန်ကြီးချုပ် သွားရောက်စဉ် ရေမစီးတော့သည့် မိုးရေများကို ဖောက်ချရန် တာဝန်ရှိသူများဘက်က ပျက်ကွက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဧရိယာအသီးသီးမှ မိုးကြီးမှုဒဏ်သင့် မိသားစုများက လမ်းအချို့ကို ပိတ်ဆို့ခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required