ပါကစ္စတန်မှ လာသော တရားမဝင် ရွှေ့ပြောင်းများကို ယူအေအီး နိုင်ငံမှ ပြန်နှင်ထုတ်

ပါကစ္စတန်မှ လာသော တရားမဝင် ရွှေ့ပြောင်းများကို ယူအေအီး နိုင်ငံမှ ပြန်နှင်ထုတ်

အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် ဧည့်သည်ဗီဇာများ ကိုင်ဆောင်ထားသည့် ပါကစ္စတန်ခရီးသွား ၈၀ ဦးခန့်ကို ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့ပြီး  ၎င်းတို့ကို ပါကစ္စတန်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

၎င်းတို့ကို ပြည်ဝင်ခွင့် ပိတ်ပင်ရခြင်း၏ အကြောင်းရင်းက အဆိုပါ ဧည့်သည်ဗီဇာများ ကိုင်ဆောင်ထားသည့် ခရီးသွားများသည် အယောင်ဆောင် အပြန်လက်မှတ်များ ကိုင်ဆောင်ထားကာ ယူအေအီးတွင် စားသောက် နေထိုင်ရန် ၎င်းတို့နှင့်အတူ ငွေကြေးအလုံအလောက် ပါလာခြင်း မရှိ၍ဟု ဆိုသည်။

၎င်းတို့သည် တရားဝင် ဧည့်သည်ဗီဇာများ ကိုင်ဆောင်ထားသည် ဆိုသော်လည်း အများစုသည် ယူအေအီးတွင် တရားမဝင် အလုပ်အကိုင်ရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာခြင်း ဖြစ်သည်။

မကြာသေးသည့်ကာလအတွင်း ယူအေအီးတွင် တောင်းရမ်းသူများ မြင့်တက်ခဲ့သည် ဖြစ်ရာ ၎င်းတို့အနက် အများစုသည် အလုပ်အကိုင်တစ်ခု ရှာဖွေရန် ယူအေအီးသို့ ဧည့်သည်ဗီဇာဖြင့် ရောက်လာသော ပါကစ္စတန် နိုင်ငံသားများ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့သည် အလုပ်အကိုင် ရှာတွေ့ခြင်း မရှိသည့်အခါ အသက်ရှင် ရပ်တည်ရေးအတွက် ထိုကဲ့သို့ လုပ်ရပ်များကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ယူအေအီး အာဏာပိုင်များသည် ၎င်းတို့ကို အရေးယူရန် အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သလို ယူအေအီးရှိ ပါကစ္စတန်သံရုံး/ ကောင်စစ်ဝန်ရုံးသို့ ယခုကိစ္စနှင့်ပတ်သက်ပြီး အသိပေးထားခဲ့သော်လည်း တောင်းရမ်းသူအရေအတွက်ပိုင်းတွင် လျော့ကျခဲ့ခြင်း မရှိပေ။

ယူအေအီး အာဏာပိုင်တို့၏ ယခုလုပ်ဆောင်ချက်သည် ပါကစ္စတန် အာဏာပိုင်တို့ဘက်က ထိုကဲ့သို့သော ခရီးသွားများကို စစ်ဆေးကြပ်မတ်စေရန် အချက်ပြမှုတစ်ခုအဖြစ် ရှုမြင်ရသည်။ ဒူဘိုင်းရှိ ပါကစ္စတန် သံတမန်များသည် ယူအေအီး လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် တွေ့ဆုံခဲ့ပြီး ပါကစ္စတန်မှ ယူအေအီးသို့ ခရီးသွားလာသည့် လူများအတွက် လမ်းညွှန်ချက်သစ်များကို အပြီးသတ်လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly