အိန္ဒိယသည် အနာဂတ်တွင် အမေရိကန်၏ အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်လာမည်ဖြစ်ပြီး တရုတ်ကို တန်ပြန် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း အမေရိကန်ရေတပ်စစ်ဆင်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုက်ဂဲယ်ဒေးက ပြောကြားလိုက်သည်။
အမေရိကန်၏ အဆင့်အမြင့်ဆုံး ရေတပ်အရာရှိ မိုက်ဂဲယ်ဒေးက ဝါရှင်တန်ရှိ အမွေအနှစ်ဖောင်ဒေးရှင်းမှ ပြုလုပ် သည့် လူကိုယ်တိုင်တက်ရောက်ရသည် ဆွေးနွေးပွဲတွင် တရုတ်က ရှေ့တန်းစစ်မျက်နှာနှစ်ဘက် ဖွင့်ထား သည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်ကို အိန္ဒိယက ဖော်ပြနေကြောင်း သြဂုတ်လ ၂၅ရက်က တင်ပြခဲ့သည်ဟု Nikkei Asia သတင်းတွင် ဖော်ပြထားသည်။
"အနာဂတ်မှာ ကျွန်တော်တို့အတွက် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ယူဆတဲ့အတွက် တခြားနိုင်ငံတွေ ထက် အိန္ဒိယကို ခရီးပိုထွက်ခဲ့ပါတယ်" ဟု မိုက်ဂဲယ်ဒေးက ထပ်လောင်းပြောကြားခဲ့သည်။
"အိန္ဒိယသမုဒ္ဒရာ တိုက်ပွဲက ကျွန်တော်တို့အတွက် ပိုအရေးကြီးလာနေပါပြီ။ အိန္ဒိယနဲ့ တရုတ်တို့က လက်ရှိမှာ မဟာဗျူဟာမြောက် အရေးကြီးတဲ့ နယ်စပ်တလျှောက်မှာ ထိတွေ့တိုက်ပွဲတွေ အနည်းငယ်ဖြစ်နေပြီဆိုတဲ့ အချက်က အရေးကြီးပါတယ်" ဟု ပြီးခဲ့သည့် အောက်တိုဘာလက အိန္ဒိယသို့ သွားရောက်သည့် ၅ ရက်ကြာ ခရီးစဉ်ကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခဲ့သည်။
ဟိမဝန္တာတောင်တန်းရှိ အိန္ဒိယနှင့် တရုတ်ကြား နယ်နိမိတ်ချင်း ပဋိပက္ခသည် တရုတ်အတွက် ရှေ့တန်း စစ်မျက်နှာနှစ်ဘက်ဖွင့်သည့် ပြဿနာတစ်ခု ဖြစ်လာစေသည်ဟူသော ယူဆချက်သည် အမေရိကန် မဟာဗျူ ဟာသမားများကြားတွင် ခေတ်စားလာနေသည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။
ဇွန်လတွင် Quad ခေါင်းဆောင်များဖြစ်သည့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့သည် ဂျပန်တွင် တွေ့ဆုံကြစဉ် ပင်တဂွန်အရာရှိဟောင်း ကိုဘီက ထိုင်ဝမ်အရေးတွင် အိန္ဒိယသည် ဒေသတွင်းတိုက်ပွဲအနေဖြင့် တိုက်ရိုက်ပါဝင်မည်မဟုတ်သော်လည်း၊ ဟိမဝန္တာနယ်စပ်ဒေသတွင် တရုတ်အာရုံကို ထိန်းချုပ်ထားမည်ဖြစ် ကြောင်း ဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုင်ဝမ်တစ်ဝိုက်တွင် အားကောင်းသော အမေရိကန်-ဂျပန် မဟာမိတ်ကို ရင်ဆိုင်နေရ သည့် တရုတ်၏ အခက်အခဲများမှ အိန္ဒိယက အကျိုးအမြတ်များ ရယူနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် အမေရိကန်နှင့် အိန္ဒိယတို့ စီစဉ်ထားသည့် ပူးပေါင်းတောင်ထိပ်လေ့ကျင့်ခန်းသည် တရုတ်အတွက် အလားအလာရှိသော ဒုတိယစစ်မျက်နှာစာကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
"စစ်ရေးလေ့ကျင့်မှု" ဟု အဓိပ္ပာယ်ရသည့် YudhAbhyas နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင် အာရှနိုင်ငံဖြစ်သော အိန္ဒိယ၏ အက်ထရာခန်ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။