ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံ ချန်ဒူတွင် စားနပ်ရိက္ခာပြတ်လပ်

ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံ ချန်ဒူတွင် စားနပ်ရိက္ခာပြတ်လပ်

တရုတ်နိုင်ငံတောင်ပိုင်း ချန်ဒူမြို့မှ အာဏာပိုင်များသည် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကို တားဆီးရန် မြို့အတွင်း၌ ကန့်သတ်ချက်များ ချမှတ်ထားစဉ်မှာ ဒေသခံများသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် အထိတ်တလန့် ဝယ်ယူမှုများအတွက် စိုးရိမ်ကြောင့်ကြနေကြသည်။

စီချွမ်ပြည်နယ်မြို့တော်ဖြစ်သည့် လူဦးရေ ၂၁ သန်းရှိ ချန်ဒူတွင် အစုလိုက်အပြုံလိုက် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ရန် ညွှန်ကြားထားကာ ဩဂုတ် ၃၀ ရက်က ထုတ်ပြန်သည့် ကန့်သတ်ချက်အသစ်ကြောင့် ဖျော်ဖြေရေး နေရာများနှင့် ဒေသတွင်းစာသင်ကျောင်းများ ပိတ်ထားရသည်။
 
ချန်ဒူရှိ ကျင်ကျန့်၊ ဂေါင်ရှင်း၊ ဝူဟို၊ ချန်ဟွာ၊ ချင်ယန်းနှင့် ဂျင်နူ စသည့်ဒေသများတွင် နောက်ထပ် ကန့်သတ်မှု များနှင့် ပစ်မှတ်ထား ပိတ်ဆို့မှုများ ထပ်မံကြေညာခဲ့သလို ချန်ဒူမော်တော်ကားပြပွဲကိုလည်း ဆိုင်းငံ့ထားသည်ဟု Global Timesသတင်း၌ ဖော်ပြထားသည်။

“ဝူ”အမည်ရှိ ဒေသခံတစ်ဦးက “အသွားအလာကန့်သတ်ချက်တွေကြောင့် စတိုးဆိုင်နဲ့ စူပါမားကတ်တွေမှာ အစားအသောက်တွေ နည်းသည်ထက်နည်းလာပြီး တချို့နေရာတွေမှာ အလုအယက်ဝယ်ယူမှုတွေ ဖြစ်လာ ပါတယ်။ တချို့သူငယ်ချင်းတွေက သူတို့အိမ်တွေမှာ ရိက္ခာတွေ စုထားကြပါတယ်။ အာဏာပိုင်တွေကလည်း ရိက္ခာတွေစုဖို့ ပြည်သူတွေကို ပြောနေပါတယ်” ဟု ဆိုသည်။ 

Weibo တွင် တင်ထားသော ချန်ဒူမြို့ရှိ စူပါမားကတ်တစ်ခု၏ ဓာတ်ပုံများတွင် ဗလာဖြစ်နေသော စင်များနှင့် ရေခဲသေတ္တာများကို တွေ့ရသည်။
ဗိုင်းရပ်စ်၏ မျိုးဗီဇစိစစ်ခြင်းရလဒ်များအရ ရောဂါဖြစ်ပွားမှုသည် အိုမီခရွန်မျိုးကွဲဖြစ်သည့် BA.2.76ဖြစ်ကြောင်း တွေ့ရသည်။
 
“ဒီမျိုးဗီဇက လျင်မြန်တဲ့ ပျံ့နှံ့နှုန်း၊ ပြင်းထန်တဲ့ ကူးစက်နိုင်စွမ်းနဲ့ ငုပ်လျှိုးနေတဲ့ လက္ခဏာတွေကြောင့် နိုင်ငံတစ်ဝန်း နေရာတော်တော်များများမှာ အစုလိုက်ကူးစက်မှုတွေကို ဖြစ်စေခဲ့ပါတယ်" ဟု Global Times က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required