ဂျပန်က တရုတ်နှင့်ရုရှားကို တန်ပြန်ရန်  တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်

By Channel News Asia
30 August 2022
ဂျပန်က တရုတ်နှင့်ရုရှားကို တန်ပြန်ရန်  တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်

ဂျပန်နိုင်ငံသည် တရုတ်နှင့် ရုရှားတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် ရည်ရွယ်သည့် စစ်ရေးတိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ပိုမိုဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းအတွက် ကြိုးပမ်းနေစဉ်မှာ ခရုဇ်ဒုံးကျည်နှင့် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည်အမြောက်အမြား ထုတ်လုပ်မည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်တွင်ပြောကြားလိုက်သည်။
 
“တရုတ်က အခြေအနေကို တစ်ဖက်သတ်ပြောင်းလဲနိုင်ရေး အင်အားသုံးဖို့ ဆက်လက်ခြိမ်းခြောက်နေပြီး ရုရှားနဲ့မဟာမိတ်ဖွဲ့မှုက ပိုမိုနက်ရှိုင်းလာပါတယ်” ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်တောင်းဆိုရာတွင် ပြောခဲ့သည်။
 
“တရုတ်က စစ်ရေးလေ့ကျင့်မှုတွေနဲ့ ထိုင်ဝမ်ကို ဖိအားပေးနေပြီး ထိုင်ဝမ်ကို ကျန်တရုတ်နိုင်ငံနဲ့ ပေါင်းစည်းစေဖို့ စစ်အင်အားအသုံးပြုတာကို မစွန့်လွှတ်သေးဘူး” ဟု ဆိုသည်။

အမေရိကန်အောက်လွှတော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်အပြီး တရုတ်က ဂျပန်မှ ကီလိုမီတာ ၁၆၀ အကွာ ရေပိုင်နက်သို့ ပဲ့ထိန်းဒုံးကျည် ၅ စင်း ပစ်လွှတ်ခဲ့ပြီးနောက် တရုတ်၏ ဒေသတွင်းရည်မှန်းချက်ဆိုင်ရာ သတိပေးချက်များသည် ယခုလအတွင်း ပိုမိုကြီးထွားလာသည်။
 
သင်္ဘောများကို တိုက်ခိုက်ရန် သုံးသော Mitsubishi Heavy Industriesကုမ္ပဏီထုတ် Type 12 ဒုံးကျည်ကို အဆင့်မြှင့်ထားသော မြေပြင်မှပစ်လွှတ်သည့် ခရုဇ်ဒုံးကျည်နှင့် မြေပြင်ပစ်မှတ်များကို ထိအောင်ပစ်နိုင်သော မြန်နှုန်းမြင့် ပဲ့ထိန်းဒုံး ကျည်အများအပြားကို ထုတ်လုပ်ရေးအတွက် ဘတ်ဂျက်တောင်းခံခြင်းဖြစ်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် အသံထက်မြန်သော ဒုံးကျည်ထိပ်ဖူးများအပါအဝင် တခြားသော ကျည်ဖူးများ တီထွင်ရန် ဘဏ္ဍာငွေ ရှာဖွေလျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ဧပြီ ၁ ရက်မှစသော ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ယန်း ၅ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၇၈ ဘီလီယံ) သုံးရန် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးမြှင့်တောင်းဆိုထားကာ ဝယ်ယူရေးအစီအစဉ်သစ်အတွက် ကုန်ကျစရိတ်တွက်ချက်ပြီးလျှင်အသုံးစရိတ်ပိုမိုများပြားလာနိုင်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly