ပါကစ္စတန် TTP သူပုန်အဖွဲ့က အာဖဂန်မှ ရသော အမေရိကန်ထုတ်လက်နက်များဖြင့် လေ့ကျင့်နေသည့် ဗီဒီယိုသစ်များ ထုတ်ဖော်ပြသ

By Zee5
29 August 2022
ပါကစ္စတန် TTP သူပုန်အဖွဲ့က အာဖဂန်မှ ရသော အမေရိကန်ထုတ်လက်နက်များဖြင့် လေ့ကျင့်နေသည့် ဗီဒီယိုသစ်များ ထုတ်ဖော်ပြသ

ပါကစ္စတန်နိုင်ငံတွင် တရားမဝင်ကြောင်း ပိတ်ပင်ခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် ပါကစ္စတန်စစ်တပ်ကို ရင်ဆိုင်မည့် တိုက်ပွဲအတွက်  အသင့်အသင့်ရှိနေမှုကို ပြသသော ဗီဒီယိုသစ်များကို ထုတ်ပြန်ခဲ့သည်။

ထိုဗီဒီယိုများတွင် အကြမ်းဖက်သမားများသည် M24 စနိုက်ပါ ရိုင်ဖယ်များ၊ Trijicon ACOG စကုတ်များပါသည့် M4 ကာဘိုင်များ၊ thermal စကုတ်ပါ M16A4 ရိုင်ဖယ်များ အပါအဝင် အာဖဂန်နစ္စတန်မှ ရရှိသော အမေရိကန်ထုတ်လက်နက်များဖြင့် လေ့ကျင့်နေသည်ကို ပြသထားကြောင်း လက်နက်နှင့် ပဋိပက္ခဆိုင်ရာ သုတေသနအဖွဲ့တစ်ခုဖြစ်သည့် War Noir က ဖော်ပြသည်။

ထို့ပြင် အကြမ်းဖက်သမားများသည် DshKM စက်သေနတ်များ၊ ၁၀၇ မမ အမျိုးအစား ၈၅ ပြောင်းတစ်ခုပါ ရော့ကတ်လောင်ချာနှင့် B-10 ပုံစံ ၈၂ မမ နောက်ပွင့်ရိုင်ဖယ် (ယင်း၏ တရုတ်ကော်ပီ အမျိုးအစား ၆၅/-၁ ဖြစ်နိုင်ခြေရှိ) တို့ဖြင့် ကိုင်ဆောင်လေ့ကျင့်နေသည်ကိုလည်း မြင်ရနိုင်ကြောင်း War Noir က တွစ်တာတွင် ဖော်ပြသည်။
 
အလားတူ အကြမ်းဖက်သမားတချို့သည် တမူထူးခြားသည့် ပါကစ္စတန် POF ထုတ် လက်နက်တစ်ခု ကိုင်ဆောင်ထားသည်ကိုလည်း ဗီဒီယိုများထဲတွင် မြင်တွေ့ခဲ့ရသည်။ ထို လက်နက်များသည် MP5P3 စက်သေနတ်ငယ် (MP5A3 ပုံစံတူ မူပွား) နှင့် MG1A3 စက်သေနတ် (MG3 မူပွား) တို့ ဖြစ်ပုံရသည်။

ထူးခြားသည့် လက်နက်များအပြင် M249 စက်သေနတ် (ယခင် ANA လက်ကျန်များမှ ဖြစ်နိုင်)၊ PK/M စက်သေနတ်များ၊ SVD DMRs များ၊ ဟန်ဂေရီလုပ် AMD-65 ရိုင်ဖယ်၊ ပုံမှန် AKM ရိုင်ဖယ်များနှင့် GP-25 ပြောင်းအောက် ဗုံးပစ်လောင်ချာများကိုလည်း အသုံးပြုခဲ့သည်ကို တွေ့ရကြောင်း War Noir က ဖော်ပြသည်။

TTP အဖွဲ့သည် ဒေသတွင်း၌ ကာလကြာ တွင်ကျယ်စွာ အသုံးပြုခဲ့သည့် လက်နက်များအပြင် ခေတ်မီလက်နက်ကိရိယာများကိုပါ ထပ်တိုးဖြည့်တင်းထားသည်ကို တွေ့မြင်ခဲ့သည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာပြီးနောက် အဆိုပါနိုင်ငံမှ အစပြုထွက်ပေါ်လာသော လက်နက်များကို မတူညီသော နိုင်ငံများတွင် အသုံးပြုမှု မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required