ဘာသာရေးစော်ကားမှုဖြင့် ပါကစ္စတန်တွင် ဟိန္ဒူဘာသာဝင်အမျိုးသား  မမှန်မကန် စွပ်စွဲခံရပြီး အမှုဖွင့်ခံရ

ဘာသာရေးစော်ကားမှုဖြင့် ပါကစ္စတန်တွင် ဟိန္ဒူဘာသာဝင်အမျိုးသား  မမှန်မကန် စွပ်စွဲခံရပြီး အမှုဖွင့်ခံရ

ပါကစ္စတန်နိုင်ငံ ဟိုင်ဒါရာဘတ်မြို့တွင် ဒေသခံတစ်ဦးနှင့် ပုဂ္ဂိုလ်ရေး အချင်းများခဲ့သည့် လူနည်းစု ဟိန္ဒူဘာသာဝင်အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်က ဘာသာရေးစော်ကားမှု ကျူးလွန်သည် ဆိုပြီး မမှန်မကန် စွပ်စွဲခံရကာ အမှုဖွင့်ခံခဲ့ရကြောင်း မီဒီယာသတင်းတချို့က ဖော်ပြသည်။

“ဘာသာရေး စော်ကားတယ်လို့ စွပ်စွဲခံရတဲ့ ဟိန္ဒူဘာသာဝင် မိလ္လာ သန့်ရှင်းရေး အလုပ်သမားတစ်ယောက်ကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တဲ့ ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုကို ဟိုင်ဒါရာဘတ် ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရပါတယ်။ အမှန်တကယ်က အဲဒီ ဟိန္ဒူဘာသာဝင် သန့်ရှင်းရေးအလုပ်သမားက ဒေသခံတစ်ယောက်နဲ့ ပုဂ္ဂိုလ်ရေး စကားများခဲ့တာကြောင့် ပစ်မှတ်ထားခံရတာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်” ဟု သတင်းထောက်တစ်ဦးဖြစ်သည့် မူဘက်ရှီရာ ဇိုင်ဒီက တွစ်တာတွင် ရေးသည်။

သန့်ရှင်းရေးလုပ်သားတစ်ဦးဖြစ်သည့် အာရှော့ခ် ကူးမား အမည်ရ အမျိုးသားသည် ပါကစ္စတန်နိုင်ငံ ဟိုင်ဒါရာဘတ်မြို့ ဆက်ဒါအရပ်ရှိ ရာဘီယာ ရဲစခန်းတွင် တိုင်တန်းခံခဲ့ရပြီး ၎င်းသည် ဒေါသထွက်နေသော လူအုပ်တစ်စု၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

 “ဟိန္ဒူဘာသာဝင် သန့်ရှင်းရေး အလုပ်သမား အာရှော့ခ် ကူးမားဟာ ဟိုင်ဒါရာဘတ်မြို့မှာ ကိုရန်ကျမ်းကို မတော်တလျော် မလေးမစား လုပ်တယ်လို့ စွပ်စွဲခံရပြီး ဘာသာရေးစော်ကားမှု ဥပဒေပုဒ်မ ၂၉၅ (ခ) နဲ့ အမှုဖွင့်ခံခဲ့ရတာပါ။ သူဟာ ဘီလယ် အက်ဘာစီ အမည်ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ စကားများပြီး အဲဒီနောက် အဲဒီ ဈေးဆိုင်ပိုင်ရှင်က ကူးမားကို အမှုဖွင့်တိုင်တန်းခဲ့တဲ့နောက် ဒီစွပ်စွဲချက် ထွက်လာတာပါ” ဟု တောင်အာရှ သတင်းထောက်တစ်ဦးဖြစ်သည့် နေးလာ အီနာယက်က တွစ်တာတွင် ရေးသည်။

ကိုရ်အာန်ကျမ်းကို မတော်တလျော် မလေးမစား လုပ်မှုအတွက် ဟိန္ဒူဘာသာဝင် သန့်ရှင်းရေးသမားကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြသည့် ဒေါသထွက်နေကြသော လူအုပ်စုကို ဟိုင်ဒါရာဘတ် ရဲများက လူစုခွဲခဲ့ရသည်။

သို့သော် အမှန်တကယ်တမ်းတွင် အစ္စလမ္မစ် ကျမ်းစာအုပ်ကို မီးရှို့ခဲ့သူမှာ မွတ်စလင် ဘာသာဝင် အမျိုးသမီးတစ်ဦးသာ ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

ပုဂ္ဂိုလ်ရေး အာဃာတများကို စာရင်းရှင်းရန် လူနည်းစုများနှင့် ယုတ်စွအဆုံး မွတ်စလင် ဘာသာဝင်များအပေါ်မှာပင် ပစ်မှတ်ထားပြီး အလွန်ပြင်းထန်သော ဘာသာရေးစော်ကားမှု ဥပဒေများကို အလွဲသုံးစားလုပ်ခြင်းက ပါကစ္စတန်တွင် ပျံ့နှံ့ဖြစ်ပေါ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly