မေးခွန်းက အမှား၊ သည်ကြားထဲ မေးခွန်းတွေက ပေါက်ကြား

မေးခွန်းက အမှား၊ သည်ကြားထဲ မေးခွန်းတွေက ပေါက်ကြား
ဓာတ်ပုံ-မဇ္စျိမ

ယခုရက်များအတွင်းတော့ စာမေးပွဲမေးခွန်းအမှားများ၊ မေးခွန်းပေါက်ကြားမှုများကိစ္စမှာ လူတွေ စိတ်အဝင်စားဆုံးသတင်းများဖြစ်ပါသည်။ သတင်းတစ်ပုဒ်ဖြစ်ဖို့လိုအပ်ချက်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ခြင်းနှင့် အခြား သာမာန်ထက် ထူးခြားသည့်အဖြစ်အပျက်မျိုးကို သတင်းဟု ယူဆနိုင်ပါသည်။ ထိုအခါ မေးခွန်းအမှားနှင့် မေးခွန်းပေါက်ကြားခြင်း ကိစ္စများမှာ သတင်းအဖြစ် ပျံ့နှ့ံ့လာခဲ့ခြင်း ဖြစ်သည်။

မေးခွန်းအမှားကလည်း မှားပဲမှားနိုင်လွန်းသည်ဟု ပြောရလောက်အောင် မှားခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အခြေခံပညာ အဌမတန်းစာမေးပွဲ ပထဝီဝင် ဘာသာရပ် မေးခွန်း  အမှတ်စဉ် ၂(ဃ)တွင် တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ဟု မှားယွင်းဖေါ် ပြသည့် မေးခွန်းသတင်းမှာ တစ်တိုင်းပြည်လုံး ပြောလို့မဆုံအောင် ဖြစ်ခဲ့ကြရသည်။

သည်လိုသတင်း ထွက်ပေါ်လာသည့်အခါ ဒါဟာဖြင့် စာမေးပွဲ မေးခွန်းထုတ်သူကိုယ်တိုင်က လည်းကောင်း တခြားတာဝန်ရှိသူ တစ်ဦးဦးကလည်းကောင်း အသိရှိရှိ ထုတ်လိုက်ခြင်းသာ ဖြစ်သည် ဟူသော ကောလာဟလ သတင်းများလည်း ထွက်ပေါ်လာခဲ့သလို ဒီလိုမှားယွင်း ဖေါ်ပြလိုက်ခြင်းအား ဖြင့် ပြည်သူတွေကို တမင် အရွဲ့တိုက် ဖေါ်ပြလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟူသည့် ထင်မြင်ယူဆ မှုများသည်လည်း ထွက်ပေါ်လာခဲ့ရပါသည်။

တရုတ်နိုင်ငံ ရင်းနှီးမြုတ်နှံမှု ကုမ္ပဏီတချို့နှင့် ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့များ၊ နိုင်ငံရေး နိုးကြားတက်ကြွသူများအကြား ဖြစ်ပေါ်နေသည့် ပြဿနာများအပေါ် အခြေခံ ကာ လူအများ စိတ်ဆိုးဒေါ်သဖြစ်အောင် တမင်လုပ်ကြံ ဖေါ်ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟူသည့် ထင်မြင်ယူဆချက် စကားများလည်း ကြားခဲ့ကြရပါသည်။

ထို့ပြင် ပညာရေးနှင့်ပတ်သက်သည့် အခြားသတင်းတစ်ပုဒ်ကိုလည်း ကြားကြရပြန်ပါသည်။ မေးခွန်းများ ပေါက်ကြားသည့် သတင်းများဖြစ်သည်။ မကွေးတိုင်းအတွင်း စာမေးပွဲမေးခွန်းများ   လေးဘာသာအထိ ပေါက်ကြားခဲ့သည်ဟု ဆိုပါသည်။ ခရိုင်အဆင့် စတုတ္ထတန်းစာမေးပွဲ မေးခွန်း များနှင့် တိုင်းအဆင့် အဌမတန်းစာမေးပွဲမေးခွန်းများမှာ မဖြေဆိုမီတစ်ရက်အလိုနေ့များတွင်   ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုမေးခွန်း ပေါက်ကြားခဲ့သည့် သတင်းအတွက် မည်သူ့တွင် တာဝန်အရှိဆုံးဖြစ်သည် မည်သည့်အတွက်ကြောင့် ပေါက်ကြားရသည်ဖြစ်စေ သည်သတင်းမှာ ကျောင်းသားများ ကျောင်းသား မိဘများအတွက် ထိတ်လန့်တကြား တအံ့တသြ ဖြစ်စေရုံသာမက ဒေါသများပင် ဖြစ်လာစေနိုင်ပါ သည်။ သည်ကြားထဲ မေးခွန်းတစ်ခုတည်းမဟုတ် တစ်ရက်တည်းမဟုတ် နေ့စဉ်ရက်ဆက် မဖြေဆိုမီ တစ်ရက်အလိုနေ့တိုင်း လေးရက်ဆက်တိုက် ပေါက်ကြားခဲ့သည်ဟုဆိုသဖြင့် သည်သတင်းမှာ လွန်စွာ အရုပ်ဆိုးလှသည့် သတင်း ဖြစ်လာခဲ့ပါသည်။

တချိန်တုန်းကဆိုလျင် စာမေးခွန်း မေးခွန်းပေါက်ကြားခြင်း ကိစ္စမှာ အင်မတိအင်မတန် ဖြစ်ခဲ လှသည့် ကိစ္စဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တာဝန်ရှိသူများ တလှေကြီး အလုပ်ပြုတ်သည့် ကိစ္စဖြစ်သည်။ မည်သည့် တာဝန်ရှိသူမှ သည်လို ပေါ့ပေါ့ပျက်ပျက် လုပ်ရဲကြလိမ့်မည် မဟုတ်။ သည်လောက်အထိလည်း တလွဲသတ္တိမရှိကြ။

ယခုတော့ မေးတဲ့မေးခွန်းကလည်း အမှား။ သည်ကြားထဲ မေးခွန်းတွေကလည်း ပေါက်ကြား လိုက်သေးသည်။ သည်လိုဖြစ်လာတော့ တစ်နှစ်လုံး ငွေအား လူအား စိုက်ထုတ်ခဲ့ရသည့် ကျောင်းသား မိဘများကလည်း မကြေနပ်ချင်။ တချိန်လုံး စာအုပ်နှင့်မျက်နှာ မခွာခဲ့ကြရသည့် ကျောင်းသားများကလည်း မကြေနပ် ဖြစ်ကြရသည်။ ဒါကတော့ သဘာဝကျသည့် အကျိုးဆက် ဖြစ်သည်။

ထိုအခါ အင်မတန်အရေးကြီးပြီး အတိမ်းအစောင်းမခံ နိုင်ငံရေးအရ အရေးကြီးလှသည့် သည်လိုအချိန်မျိုးတွင် သည်လို သတင်းမျိုး ထွက်ပေါ်လာသည်မှာ လွန်စွာ စိုးရိမ်ဖွယ်ကိစ္စပင် ဖြစ်သည်။ ဒီမိုကရေစီ အကူးအပြောင်းကို မလိုလားသည့် လူပုဂ္ဂိုလ်တချို့က တမင်ပင် လူတွေ လမ်းပေါ်ထွက်လာအောင် ဖန်တီးနေသလားဟူသည့် ဝေဖန်သံများ ထွက်ပေါ်လာကြရပါသည်။

မည်သို့ပင်ဖြစ်စေ၊ မပြေးတော်တန်ရာရှိ လူတွေကတော့ စိုးရိမ်စိတ်နှင့် အပြင်းအထန် ဝေဖန်ပြစ် တင်နေကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ ပညာရေးဌာန တာဝန်ရှိသူများအနေနှင့် ယင်းကိစ္စများ ကို အလျင်အမြန် ထိရောက်မှန်ကန်စွာ အရေးယူဆောင်ရွက်ပြီး တိုင်းပြည်သို့ ပွင့်လင်းမြင်သာစွာ ဖြေရှင်းသင့်ကြောင်း မဇ္ဈိမက အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly