RCSS နှင့် TNLA ကိစ္စ ကြားဝင်ညှိနှိုင်းရန် ငါးဦးကော်မတီတစ်ရပ်ကို UNFC အရေးပေါ်အစည်းအဝေးတွင် ဖွဲ့စည်း

RCSS နှင့် TNLA ကိစ္စ ကြားဝင်ညှိနှိုင်းရန် ငါးဦးကော်မတီတစ်ရပ်ကို UNFC အရေးပေါ်အစည်းအဝေးတွင် ဖွဲ့စည်း

ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၀ ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(TNLA)တို့၏ တိုက်ပွဲများအရေး ကြားဝင်ညှိနှိုင်းပေးရန် ငါးဦးပါသည့် ကော်မတီတစ်ရပ်အား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ အရေးပေါ် အစည်းအဝေး တတိယနေ့တွင် ဖွဲ့စည်းလိုက်သည်။

ယင်းကော်မတီတွင် UNFC ဒု ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သော ဗိုလ်ချုပ် ဘီထူး၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးချုပ် စိုင်းထူး၊ ဦးထွန်းဇော်တို့ ပါဝင်သည်။ သို့သော် ကော်မတီအနေက မည်သည့်နေ့၊ နေရာတွင် တွေ့ဆုံညှိနှိုင်းရန်ကိုမူ မသတ်မှတ်သေးကြောင်း UNFC အဖွဲ့ဝင် ခူဦးရယ်က ပြောသည်။ 

“RCSSနဲ့ TNLAအကြားဖြစ်နေတဲ့ ပြဿနာကတော့ ရှင်းရှင်းပြောရရင် ရေရှည်မှာ ဒီထက်ပိုမိုကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ ချို့ယွင်းချက်ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဖြန်ဖြေပေးဖို့ ဆောင်ရွက်ပေးဖို့ ဆက်စပ်ပေးဖို့ လိုအပ်မယ်လို့ ခေါင်းဆောင်များက ဆွေးနွေးကြတယ်။ ဒါကြောင့် ငါးဦးပါ အဖွဲ့တဖွဲ့ကို တာဝန်ပေးပါတယ်”ဟု ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေမှုအား ကြားဝင် ဆက်စပ်ပေးရန် မလွယ်ကူသော်လည်း ထိုနှစ်ဖွဲ့၏ အခြေခံ ပြဿနာ အကြောင်းတရားများကို လေ့လာကာ ကြားဝင် ညှိနှိုင်းဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။

“အဖွဲ့အစည်းတိုင်းမှာ ကိုယ်စီ အကြောင်းပြချက်တွေ၊ အကြောင်းတရားတွေ အများကြီးရှိတယ်။ ကျွန်တော်တို့မသိ မမြင်တဲ့ အခြေခံ အကြောင်းအရာတွေ အများကြီးရှိတယ်။ လူသိရှင်ကြား ပြောလို့မရတဲ့အခြေခံ အကြောင်းတရားတွေ အများကြီးရှိနိုင်တယ်။ ဒါပေမဲ့ အရင်းခံ ပြဿနာ ဘာလဲဆိုတာတော့ မသိဘူး။ ဒီကိုယ်စားလှယ်အဖွဲ့ကလည်း အဲဒီလို သိရှိအောင် ပထမဆုံး အရင်လေ့လာရမယ်။ ဒါကြောင့် နှစ်ဖက်စလုံး အမြန်ဆုံးတွေ့ဆုံဖို့ ကျွန်တော်တု့ိ ပြောလိုက်တဲ့နေရာမှာလည်း ချက်ချင်းတွေ့ရမယ်လို့ ဘယ်လိုမှ မျှော်လင့်လို့ မရဘူး”ဟု ခူဦးရယ်က ပြောသည်။

TNLA နှင့် RCSS အကြား အပစ်အခတ် ရပ်စဲရန်အတွက် နှစ်ဖက် နစ်နာမှု မရှိစေရန် အမြန်ဆုံး ဆက်စပ်ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်း SSPP မှ ဗိုလ်မှူးချုပ် စိုင်ထူးက “နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲဖို့၊ ကြားမှာ အမြန်ဆုံး တွေ့ဆုံပေးမယ်။ ဘယ်သူဘက်မှ မနစ်နာအောင် အောင်မြင်အောင် ညှိနှိုင်းပေးမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

RCSS နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ နယ်မြေအငြင်းပွားမှုတွင်လည်း UNFCက ကြားဝင် ဖြေရှင်းခဲ့သလို၊ လက်ရှိ TNLA နှင့် RCSS တို့ ဖြစ်ပွားနေသော ပြဿကိုလည်း ကြားဝင် ဖြေရှင်းပေးနိုင်လိမ့်မယ်ဟု မျှော်လင့်ကြောင်း TNLA ၏  နိုင်ငံခြားရေးဌာနမှူး တာဘန်လက မဇ္ဈိမကို ပြောသည်။

“အရင်က ပအိုဝ်းနဲ့ RCSSတို့ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုလည်း တပ်ပေါင်းစုအနေနဲ့ ဝင်တဲ့အခါကြတော့ ပြဿနာ တစုံတရာ ပြေငြိမ်းသွားတယ်။ ၂၀၁၃ ခုနှစ်ကလည်း တခါ တိုက်ပွဲဖြစ်ခဲ့ဘူးတယ်။ အဲဒီတုန်းကလည်း UNFC က ပြန်ဖြေပေးလိုက်တော့ ပြန်ငြိမ်းအေးသွားတယ်။ ဆိုတော့ အခုထိ ဒီအခါလည်း အောင်မြင်လိမ့်မယ်လို့မျှော်လင့်တယ်။ မျှော်လင့်တာကဘာလဲဆိုတော့ တခါတည်း တိုက်ပွဲ ရပ်ရုံမဟုတ်ဘူး၊ သူရဲ့ ပြဿနာအကြောင်းအရင်းကို ဖြေရှင်းပေးနိုင်ရင်တော့ ခဏခဏ မဖြစ်အောင် ဖြေရှင်းပေးနိုင်၊ ကြားဝင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်”ဟု ၎င်းက ပြောသည်။  

UNFC ၏ ၃ ရက်ကြာ ကျင်းပသော အရေးပေါ်အစည်းအဝေးတွင် ငြိမ်းချမ်းရေးဆွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့သစ်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ပေးအပ်ခြင်း၊ TNLA နှင့် RCSS အကြား ကြားဝင် ညှိနှိုင်းပေးရေး UNFC ၏ ဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည် သုံးသပ်ခြင်းများ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က UNFC မျက်နှာစုံညီ အစည်းအဝေးတွင် ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၉ ဦးပါ ကော်မတီကို ဖွ့ဲစည်းခဲ့သည်ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ်ပါတီ(LDP)၊ ဝ အမျိုးသား အဖွဲ့ချုပ်(WNO)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA) စသည့် ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက် နေခြင်း ဖြစ်သည်။

UNFC ၏ အရေးပေါ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၁ ထိ ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags