ရှမ်းတိုက်ပွဲများအပေါ် အလွန်စိတ်ပူပန်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

ရှမ်းတိုက်ပွဲများအပေါ် အလွန်စိတ်ပူပန်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ထွက်ပြေးရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများဖြစ်နေခြင်းအပေါ် အလွန်စိတ်ပူပန်ကြောင်း အမေရိကန်သံရုံးက ပြောပြီး တည်ဆောက်ဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြိုပျက်သွားအောင် ခြိမ်းခြောက်လာလိမ့်မည်ဟု သတိပေးလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရှမ်းပြည်နယ်၌ နယ်မြေတိုင်းရင်းသားတပ်ဖွဲ့နှစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်အတိုက်အခံပါတီထံ စစ်တပ်နောက်ခံ အစိုးရက အာဏာလွှဲပြောင်းနေသည့် စပ်ကူးမတ်ကူးကာလအတွင်း ယခုကဲ့သို့ တိုက်ပွဲများ ရုတ်တရက်ထဖြစ်ခြင်းဖြစ်သည်။

"RCSSရယ်၊ TNLA ရယ်၊ တပ်မတော်တို့ရယ်ကြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲများတွေအပေါ် အမေရိကန်သံရုံးအနေနဲ့ အလွန်စိုးရိမ်ပါကြောင်း" ဖေဖော်ဝါရီ ၁၉ ရက် ညနေက ထုတ်ပြန်သည်။

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သွားနေတဲ့ လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးပွဲများကို တည်တည်ငြိမ်ငြိမ်ဖော်ဆောင်သွားဖို့ ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံက အဖွဲ့အစည်းတိုင်းကို တိုက်တွန်းပါသည်။"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုလစမှ စတင်ပြီး တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း ၄၃ ၀၀ အနည်းဆုံး ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးပူးပေါင်းဆောင်ရွက်မှုရုံးက ခန့်မှန်းထုတ်ပြန်ထားသည်။

တိုက်ပွဲများသည် ရှမ်းမြောက်ပိုင်း TNLA တပ်ဖွဲ့တို့က ကိုယ်စားပြုပိုင်ဆိုင်သည့်ဟုဆိုသည့် ပလောင်တိုင်းရင်းသားများနေထိုင်ရာ ဒေသများတွင် နယ်မြေအငြင်းပွားမှုမှ စတင်၍ ဖြစ်ပွားခြင်းဖြစ်သည်။

RCSS တပ်ဖွဲ့များက ယခင်တောင်ဖက်ပိုင်းတွင် အခြေစိုက်ခဲ့ကြခြင်းဖြစ်သည်။

TNLA က မြန်မာစစ်တပ်က RCSS တို့ဖက်က ကူညီနေသည်ဟုလည်း စွပ်စွဲထားသည်။ RCSS သည် ပြီးခဲ့သည့် အစိုးရဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ပြီး အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ရှစ်မှ တစ်ဖွဲ့ဖြစ်ကာ TNLA ကမူ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags