ကဘူးလ်မြို့တွင် အမေရိကန်နိုင်ငံသား ရုပ်ရှင်ရိုက်ကူးသူနှင့် အာဖဂန်ထုတ်လုပ်သူတို့ကို တာလီဘန်တို့ ဖမ်းဆီးထိန်းသိမ်း

By Zee5
28 August 2022
ကဘူးလ်မြို့တွင် အမေရိကန်နိုင်ငံသား ရုပ်ရှင်ရိုက်ကူးသူနှင့် အာဖဂန်ထုတ်လုပ်သူတို့ကို တာလီဘန်တို့ ဖမ်းဆီးထိန်းသိမ်း

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် အမေရိကန်နိုင်ငံသား ဂျာနယ်လစ်၊ အလွတ်တန်း ရုပ်ရှင်ရိုက်ကူးသူ အီဗော် ရှီးယားရားနှင့် အာဖဂန်နိုင်ငံသား ထုတ်လုပ်သူ ဖိုင်ဇူလာ ဖိုင့်ဇ်ဘက်ကက်ရှ် တို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဂျာနယ်လစ်များကို ဖမ်းဆီးထိန်းသိမ်းမှုများ ရပ်စဲရန် နယူးယော့ခ် အခြေစိုက် မီဒီယာ စောင့်ကြည့်ရေးအဖွဲ့တစ်ခုက တာလီဘန်တို့ကို တိုက်တွန်း တောင်းဆို လိုက်သည်။

ဩဂုတ်လ အစောပိုင်းက အယ်လ်ကိုင်ဒါခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟီရီ အမေရိကန်၏ ဒရုန်း တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားရာနေရာ ဖြစ်သည့် ကဘူးလ်မြို့ရှိ ခရိုင်အမှတ် ၁၀ ရှားပူရ် ဧရိယာတွင် ဩဂုတ် ၁၇ ရက်က ရှီးယားရားနှင့် ဖိုင့်ဇ်ဘက်ကက်ရှ်တို့က ရုပ်သံရိုက်ကူးမှုများ လုပ်ဆောင်ခဲ့ရာတွင် လုံခြုံရေး အစောင့်အကြပ်တချို့က ၎င်းတို့ကို တားမြစ်ခဲ့ကြောင်း ဂျာနယ်လစ်များ အကာအကွယ်ပေးရေးကော်မတီ (CPJ) က ပြောသည်။

ကွန်ဂရက်က ငွေကြေးထောက်ပံ့သည့် ရုပ်သံထုတ်လွှင့်မှုလုပ်ငန်း Voice of America-Dari နှင့် ထိုဖြစ်စဉ်ကို သိရှိခဲ့ သည့် ဂျာနယ်လစ်နှစ်ဦးတို့က ဖြစ်စဉ်နှင့်ပတ်သက်ပြီး CPJ ကို ပြောသည်။ တာလီဘန်တို့၏ လက်တုံ့ပြန်မည့်ရန်ကို ကြောက် သဖြင့် ၎င်းတို့၏ အမည်များကို မဖော်ပြခဲ့ပေ။

“အစောင့်တွေက သူတို့ရဲ့ ရိုက်ကူးရေးလုပ်ဆောင်ချက်တွေကို မေးမြန်းပြီး သူတို့ရဲ့ အလုပ်ပါမစ်တွေ၊ သက်သေခံကတ်ပြားတွေနဲ့ ပတ်စ်ပို့တွေကို စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် အစောင့်တွေဟာ ဂျာနယ်လစ်တွေရဲ့ ဆဲလ်ဖုန်းတွေကို သိမ်းလိုက်ပြီး နာရီအတော်ကြာ ထိန်းသိမ်းခဲ့ပြီးတော့ သူတို့ကို “အမေရိကန် စပိုင် တွေ” ဆိုပြီး အကြိမ်ကြိမ် ခေါ်ခဲ့ကြပါတယ်” ဟု အဆိုပါ ကိစ္စကိုသိရှိသည့် ဂျာနယ်လစ်များက ပြောကြောင်း CPJ က ထုတ်ဖော်သည်။
 
လုံခြုံရေးအစောင့်များသည် နောက်ပိုင်းတွင် တာလီဘန် ထောက်လှမ်းရေးကို အကြောင်းကြားခဲ့သည့်အတွက် လက်နက်ကိုင်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၅၀ ဦး ခန့် ရောက်လာပြီး ရှီးယားရားနှင့် ဖိုင့်ဇ်ဘက်ကက်ရှ်တို့ကို မျက်လုံးကို အဝတ်ဖြင့် ပိတ်စည်းကာ တည်နေရာ မသိရသော နေရာတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် ဂျာနယ်လစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly