မြန်မာ မီဒီယာတွေ ဘယ်လမ်းလိုက်ကြမလဲ

မြန်မာ မီဒီယာတွေ ဘယ်လမ်းလိုက်ကြမလဲ
(ဓာတ်ပုံ-မဇ္ဈိမ)

မြန်မာ့ မီဒီယာလောကဟာ မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲ ဖြစ်စဉ်နဲ့ အတူ လိုက်ပါ ပြောင်းလဲနေတယ် ဆိုတာကတော့ အားလုံးအသိပါပဲ။ ဒီမိုကရေစီနဲ့ မီဒီယာဆိုတာဟာ အတူလက်တွဲ သွားတယ်လို့ ဆိုရင် ဒီမိုကရေစီ အပြောင်းအလဲမှာ မီဒီယာပုံသဏ္ဍန်ဟာလည်း မလွဲမသွေ အပြောင်းအလဲတွေ ရှိလာမှာဖြစ်ပါတယ်။

ဒီနေရာမှာတစ်ခု ကြိုပြောချင်တာကတော့ မီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာပုံသဏ္ဍန် အပြောင်းအလဲ ဆိုတာတွေ မရှိဘူးဆိုရင်တော့ ယခုဆွေးနွေးမှုကို ဆက်ပြောစရာ လိုမှာမဟုတ်ပါဘူး။ ယခုဆွေးနွေးချက်ဟာ ရှေ့မှာပြောင်းလဲလာမယ့် တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်အရ ရှောင်လွှဲမရမယ့် အချက်တွေကို မှန်းဆဆွေးနွေးချက် ဖြစ်ပါတယ်။

မီဒီယာပုံသဏ္ဍန် အပြောင်းအလဲဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာ နည်းနည်း အကျယ်ချဲ့ဖို့ လိုပါတယ်။ မြန်မာ့ မီဒီယာဟာ အရင်ကာလတွေမှာ အစိုးရက အပြည့်အဝ ထိန်းချုပ်တဲ့ ပုံသဏ္ဍန်ကနေဒီနေ့ဆိုရင် ပုဂ္ဂလိက မီဒီယာတွေကနေ အတိုင်းအတာ တစ်ခုအထိ မိမိတို့ စိတ်ကြိုက် လည်ပတ်နိုင်တဲ့ ပုံသဏ္ဍန် ဖြစ်လာပါတယ်။

ဒါဟာ မီဒီယာပုံသဏ္ဍန် အပြောင်းအလဲပါ။ မီဒီယာကဏ္ဍကြီး တစ်ခုလုံးရဲ့ ပုံသဏ္ဍန်ဟာ ပြောင်းသွားခဲ့တာ ငြင်းမရပါဘူး။ ယင်းအပြောင်းအလဲဟာ ထူးခြားတဲ့ဖြစ်စဉ် ကြီးကြီးမားမား မရှိဘဲ၊ လက်ရှိ ပုံအခြေအနေကနေ အရင်လိုအခြေအနေကို ပြန်သွားဖို့ ဆိုတာဟာလည်း မဖြစ်နိုင်တော့ပါဘူး။ ဒီလိုပုံသဏ္ဍန် အပြောင်းအလဲဟာ မီဒီယာဖွံ့ဖြိုးမှုအတွက် အင်မတန်အရေးပါတဲ့ အပြောင်းအလဲ ဖြစ်ပြီး ရှေ့ဆက် ပြောင်းလဲမှုတွေ ကြုံလာရဦးမှာလည်း ဖြစ်ပါတယ်။

မြန်မာ့မီဒီယာဟာ စာပေစီစစ်ရေးကနေ ကြီးကြပ်တဲ့ “တင်ထုတ်” စနစ်ကနေ၊ နောက်ပိုင်းမှာတော့ “ထုတ်တင်” စနစ်ပုံစံနဲ့ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ခံရတဲ့ စနစ်ကို ဖြတ်သန်းနေခဲ့ရပါတယ်။ အကြောင်းပြချက်ကတော့ မှတ်ပုံတင်ဖို့ ဆိုပေမယ့် မီဒီယာတွေကို အထိန်းအကွပ် တစ်ခုရှိနိုင်စေရေး ဆိုတာကလည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်မယ် ထင်ပါတယ်။ သို့သော် အစိုးရကမီဒီယာကို အရင်လိုထိန်းချုပ်ဖို့ စောင့်ကြည့်နေတဲ့ စနစ်ကတော့ ဒီမိုကရေစီ အပြောင်းအလဲရဲ့ ရေရှည်ခရီးမှာ ဆက်လက်ရှိနေနိုင်ဖို့ မလွယ်ကူနိုင်ပါ။

ဒီအခါ မီဒီယာတွေဟာ အပြည့်အဝထိန်းချုပ်တဲ့ စနစ်ကလည်း လွတ်လာခဲ့ပြီ၊ သွယ်ဝိုက် ထိန်းချုပ်တဲ့ စနစ်ကလည်းလွတ်လာဖို့ အစပျိုးနေချိန်မှာ မီဒီယာရဲ့ အဓိက တာဝန်ဖြစ်တဲ့ အများပြည်သူတွေအတွက် ထိထိရောက်ရောက် သတင်းတွေ ပေးပို့နိုင်ဖို့ ဘယ်လိုလည်ပတ် သွားကြမှာလဲဆိုတာဟာဒီနေ့ မီဒီယာအတွက် အင်မတန်အရေးကြီးတဲ့ မေးခွန်း ဖြစ်လာပါလိမ့်မယ်။

အရင်းရှင် စီးပွားရေးစနစ်ဟာ ဒီမိုကရေစီစနစ်ရဲ့ အဓိကထောက်တိုင် တစ်ခု ဖြစ်သလို၊ မီဒီယာအတွက်လည်း အရင်းရှင် စီးပွားရေးဟာ ထောက်တိုင်တစ်ခု ဖြစ်ပါတယ်။ မီဒီယာတွေ ရေရှည် လည်ပတ်ရှင်သန်ဖို့ဟာ စီးပွားရေးအရ အကျိုးအမြတ်တစ်ခုရှိနေဖို့ လိုပါတယ်။ စီးပွားရေး အကျိုးအမြတ်မရှိ ဘဲမီဒီယာတွေဟာ ရေရှည်မှာရပ်တည်ဖို့ ခက်ပါလိမ့်မယ်။ အနည်းဆုံးကတော့ မမြတ်ခဲ့ရင်တောင် ဆက်လက် လည်ပတ်နေဖို့ ငွေကြေးတစုံတရာကတော့ လိုအပ်ပါတယ်။

ဒီတော့ မီဒီယာလည်ပတ်နိုင်ဖို့ အတွက်မှာတော့ ပုံသဏ္ဍန် နှစ်မျိုးနဲ့ ကမ္ဘာ့ မီဒီယာတွေမှာ ကျင့်သုံးကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဈေးကွက်စီးပွားရေးကနေ ထိန်းချုပ်တဲ့ မီဒီယာ ပုံသဏ္ဍန်ဖြစ်ပြီး ဈေးကွက်မှာ အကျိုးအမြတ်ရအောင် ရှာဖွေရပါတယ်။ စကင်ဒီနေးဗီးယန်း နိုင်ငံတွေနဲ့ ဘီဘီစီလို မီဒီယာကြီးတွေကတော့ ပြည်သူကနေ ထည့်ဝင်ထောက်ပံ့တဲ့ ငွေနဲ့ အများပိုင် ပုံသဏ္ဍန် ရပ်တည်ကြပါတယ်။

ဒီပုံစံနှစ်ခုထဲက အမေရိကန်ပုံစံမှာတော့ ဈေးကွက်က ထိန်းချုပ်တာကြောင့် ဈေးကွက်အရ လူကြိုက်များမယ့် အကြောင်းအရာကို တင်ဆက်တဲ့ မီဒီယာပုံသဏ္ဍန် ဖြစ်နေလေ့ ရှိပါတယ်။ လူကြိုက်နည်းရင် အဲဒီမီဒီယာဟာဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်သလောက် ပါပဲ။ မီဒီယာတွေ ရပ်တည်ဖို့ဟာ ရောင်းအားကရတဲ့ ငွေထက် ကြော်ငြာအပေါ်မှာ မှီတည်ရတာ ဖြစ်ပါတယ်။ သတင်းစာ စောင်ရေရောင်းအားဟာ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ လူကြိုက်များတဲ့ သတင်းစာကို လူတွေက အဖတ်များတာကြောင့် ကြော်ငြာရှင်တွေက များများကြော်ငြာလိုတယ်ဆိုတဲ့ သွယ်ဝိုက် ဝင်ငွေနဲ့ သတင်းစာ ရပ်တည်ဖို့ ဖြစ်လာရတာပါ။

အမေရိကန်ပုံစံရဲ့ အားနည်းချက်ကတော့ လူကြိုက်များဖို့ မီဒီယာတွေက ကြိုးစား လာရတဲ့အခါ မီဒီယာရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေကို သတင်းအချက်အလက် ပေးရေးဆိုတာထက် စာဖတ်သူတွေ ဘာကြိုက်မလဲ ဆိုတာကိုလိုက်ပြီး သတင်းလုပ်နေရတဲ့ အခြေအနေမျိုး ရင်ဆိုင်ရတတ်ပါတယ်။ ဥပမာရုပ်ရှင်မင်းသား၊ မင်းသမီးတွေရဲ့ အိမ်ထောင်ရေး ကိစ္စလိုမျိုး အရာတွေဟာ သတင်းစာရဲ့ နေရာအတော်များများကို ယူလာရင်ဖြင့် ပြည်သူကိုအရေးကြီးတဲ့ နိုင်ငံရေး၊ လူမှု့ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ဖေါ်ပြရာမှာ အားနည်းလာပါလိမ့်မယ်။ ပျင်းစရာကောင်းတဲ့ ပါလီမန်ဆွေးနွေးမှု ရလဒ်ထက်၊ ဘယ်မင်းသားရဲ့ လိင်ပိုင်းဆိုင်ရာ ခွဲစိပ်မှု အောင်မြင်တယ် ဆိုတဲ့ ကိစ္စက ပိုများလာတတ်ပါတယ်။

ဒီလိုပုံစံကို ပရော်ဖက်ရှင်နယ်ဖြစ်မှု၊ မီဒီယာကျင့်ဝတ်၊ စုံစမ်းထောက်လှမ်း ဖေါ်ထုတ်တင်ပြတဲ့ ပုံစံမျိုးနဲ့ ထိန်းကြောင်းဖို့ လိုအပ်ပါတယ်။ အမေရိကန်မီဒီယာဟာ ဒီလိုပုံသဏ္ဍန်တွေနဲ့ မီဒီယာစနစ်ကို ထိန်းကြောင်းပါတယ်။ မီဒီယာမှာ ပရော်ဖက်ရှင်နယ်ဖြစ်မှုဟာ အမေရိကန် မီဒီယာအတွက် အသက်လို ဖြစ်လာပါတယ်။ တချိန်က နာမည်ကျော်ခဲ့တဲ့ ဝါတားဂိတ် ပြဿနာဟာ အမေရိကန်မီဒီယာရဲ့ စုံစမ်းဖေါ်ထုတ်မှုနဲ့ ပရော်ဖက်ရှင်နယ်ဖြစ်မှုရဲ့ အသီးအပွင့် ဖြစ်ခဲ့ပါတယ်။ သို့သော် မီဒီယာတစုံလုံးရဲ့ ရေရှည်လည်ပတ်မှုမှာတော့ ပြည်သူတွေကို သတင်းအချက်အလက် ပေးမှုမှာ မလုံလောက်တဲ့ ပြဿနာတွေ ရှိလာပါတယ်။

စစ်တမ်းတွေအရ ဒုတိယအကြိမ် အီရက်စစ်ပွဲမှာ အမေရိကန်တို့ စစ်ဝင်တိုက်ရတာဟာ အီရက်မှာ လူသတ်လက်နက် အမြောက်အများ ရှိနေတာကြောင့် ဖြစ်ပြီး၊ စက်တင်ဘာ ၁၁ ရက် ကမ္ဘာ့ကုန်သွယ်ညီနောင်တိုက်ကို အကြမ်းဖက်ခံရတာဟာ အီရက်ရဲ့တာဝန် မကင်းဘူးလို့ ထင်မြင်နေကြသူ အမေရိကန် ပြည်သူအများစု ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ မီဒီယာတွေရဲ့ ပြည်သူ့အပေါ် သတင်းအချက်လက် ပေးမှုအားနည်းပြီး၊ ဈေးကွက်နောက် လိုက်မှုရဲ့ အကျိုးဆက် တစ်ခုလို့ မှတ်ချက်ပြုကြပါတယ်။

ဒုတိယပုံစံဖြစ်တဲ့ ပြည်သူကနေ ထည့်ဝင်ထောက်ပံ့တဲ့ ငွေနဲ့ အများပိုင် ပုံသဏ္ဍန် လည်ပတ်တဲ့ မီဒီယာပုံစံကတော့ စီးပွားရေးဈေးကွက်ကို မျက်နှာမှုနေစရာ မလိုပါဘူး။ အချိန်တန်ရင် မီဒီယာတွေ ရပ်တည်ဖို့ ငွေကြေးထောက်ပံ့မှုက ရှိနေမှာဖြစ်လို့ နိုင်ငံရေးသတင်း၊ ပြည်သူတွေ သိသင့်တယ် ဆိုတဲ့ သတင်းတွေကို မီဒီယာတွေက အဓိကထား ဖေါ်ပြကြပါတယ်။ စစ်တမ်းတွေအရ စကန်ဒီနေးဗီးယန်း ဒေသမှာနေထိုင်တဲ့ လူတွေဟာ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက် ရရှိမှုဟာ အမေရိကန် ပြည်သူတွေထက် ပိုမိုရရှိတယ်ဆိုတာကို တွေ့ရှိရပါတယ်။

သို့သော် ပြည်သူတွေ ထည့်ဝင်မှု ပုံသဏ္ဍန်ရဲ့ အားနည်းချက်ကတော့ ဒီမိုကရေစီ အစိုးရဖြစ်ပြီး ပွင့်လင်းမြင်သာစွာလည်ပတ်တဲ့ နိုင်ငံရေးစနစ်အောက်မှာသာ အကျိုးရှိနိုင်မှာ ဖြစ်ပြီး၊ အကျင့်ပျက် မယုံကြည်ရတဲ့ အစိုးရအောက်မှာ ဆိုရင်တော့ အာဏာရှိသူက ခိုင်းစေခံမီဒီယာ ပုံသဏ္ဍန်ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒုတိယပုံသဏ္ဍန်နဲ့ မြန်မာ့ မီဒီယာကိုလည်ပတ်ဖို့ဟာ မြန်မာ့ လက်ရှိအခြေအနေအရလည်း မဖြစ်နိုင်ပါဘူး။

ဒီတော့ မြန်မာနိုင်ငံမှာမီဒီယာတွေ လည်ပတ်ဖို့ဟာဈေးကွက်က ထိန်းချုပ်တဲ့ စနစ်ဘက်ကိုသာ သွားဖို့ ဦးတည်နေပါတယ်။ ချမ်းသာသူတစ်ယောက်၊ ချမ်းသာသူတစ်စုက မီဒီယာတစ်ခုကိုရေရှည်မှာ လည်ပတ်နိုင်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ ဘယ်လောက်ပဲ ချမ်းသာနေပါစေရေရှည် ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ ရလဒ်အဖြစ် ဈေးကွက်နောက် လိုက်ရတဲ့ မီဒီယာတွေသာ ဖြစ်လာပါလိမ့်မယ်။ ဈေးကွက် ဆိုတာဟာလည်း သတင်းစာ၊ ဂျာနယ် စောင်ရေရောင်းအားဟာ ခေတ်သစ် နည်းပညာ အောက်မှာ အမြဲလိုလို ကျဆင်းနေတာကြောင့် ဘယ်လိုပုံသဏ္ဍန်နဲ့ မီဒီယာကိုရပ်တည် လည်ပတ်မလဲဆိုတာဟာ မီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေအတွက် ရင်ဆိုင်ရမယ့် အနာဂတ် ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။

မီဒီယာလုပ်ငန်းထဲက ဂျာနယ်လစ်တွေ၊ သတင်းထောက်တွေရဲ့ အရည်သွေးနဲ့ ကျင့်ဝတ်နားလည်မှု အပိုင်းဟာလည်းအနာဂတ် မြန်မာ့မီဒီယာရဲ့ အရေးပါတဲ့ ကဏ္ဍမှာ ရှိနေပြန်ပါတယ်။ ဈေးကွက်နောက်လိုက်ပြီး စီးပွားရေး အကျိုးအမြတ်သာ အဓိကထားပြီး မီဒီယာကျင့် ဝတ်အားနည်းနေရင်၊ သတင်းထောက် အရည်အသွေး အားနည်းနေရင်၊ စုံစမ်းဖေါ်ထုတ် သတင်းရေးသားမှုတွေ အားနည်းရင်ဖြင့် မီဒီယာအနေနဲ့ ဈေးကွက်က ရလာတဲ့ ငွေအရရပ်တည်နိုင်ခဲ့ရင်တောင် မီဒီယာတစ်ခုရဲ့ အဓိကတာဝန်ဖြစ်တဲ့ ပြည်သူကို သတင်းပေးမှု တာဝန်ကျေရဲ့လားဆိုတာ မေးစရာ ဖြစ်လာပါလိမ့်မယ်။

လက်ရှိအချိန်မှာတောင် တာဝန်ယူမှုမှာ အားနည်းနေတဲ့ အချက်တွေရှိပါတယ်။ များသောအားဖြင့် ကမ္ဘာ့မီဒီယာတွေမှာ မီဒီယာဌာနတွေဆိုတာဟာ ကိုယ့်သတင်းကို ကိုယ်တိုင် ရယူပြီးအဆိုပါသတင်းတွေကို ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်း စာမျက်နှာတွေမှာ အများပြည်သူက ပြန်လည်ကိုးကား ဖေါ်ပြတာမျိုးသာ ဖြစ်လေ့ရှိပါတယ်။ ထူးခြားဖြစ်စဉ်တချို့နဲ့ စီတီဇင်ဂျာနယ်လစ် ပုံစံမျိုးတွေကတော့ ချွင်းချက်ဖြစ်ပါတယ်။ ယင်းကဲ့သို့ ထူးခြားအခြေအနေတွေမှာတောင် မီဒီယာတွေက ကိုယ်တိုင်စုံစမ်း ဖေါ်ထုတ်မှုတွေကို စီတီဇင်ဂျာနယ်လစ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ၊ ဆက်လက် သတင်းလိုက်တာတွေ လုပ်ပါတယ်။

သို့သော် မြန်မာ့မီဒီယာမှာတော့ ကိုးကားဖေ့(စ)ဘွတ် ကိုးကားအင်တာနက် ဆိုတာတွေ မကြာခဏ တွေ့ရပါတယ်။ သတင်းဖြစ်ပြီဆိုပြီး အလွယ်တကူ ယူလိုက်တာမျိုးပါ။ နောက်ဆက်တွဲ သတင်းဆက်လိုက်ဖို့လည်း အားနည်းနေပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေက ရေးနေတာတွေကိုပြန်လည် ဖေါ်ပြပြီး ဆိုရှယ်မီဒီယာမှာ ဘာတွေ ပြောနေသလဲ ဆိုတာကို သတင်းအဖြစ် ဖန်တီးနေတာတွေကိုလည်း တွေ့ရပါတယ်။ ဒါဟာ မြန်မာ့မီဒီယာရဲ့ အားနည်းချက် တစ်ခုအဖြစ် မြင်ရတဲ့ အချက်ဖြစ်နေပါတယ်။

ခြုံငုံပြောရရင်ဖြင့် မြန်မာ့မီဒီယာဟာ ဒီမိုကရေစီပြောင်းလဲမှုနဲ့ အတူ လွတ်လပ်ခွင့်တွေကို မလွဲမသွေရလာမှာ ဖြစ်သလို၊ အဆိုပါ လွတ်လပ်ခွင့်တွေကနေ ဖြစ်လာမယ့် အခြေအနေ အောက်မှာ စီးပွားရေး အကျိုးအမြတ်၊ ရပ်တည်နိုင်ဖို့နဲ့ မီဒီယာရဲ့ အဓိက တာဝန်ဆိုတာတွေအတွက် ပြင်ဆင်ထားဖို့ လိုနေပါတယ်။

စီးပွားရေး လုပ်ငန်းကြီးတွေ၊ ချမ်းသာသူတွေ၊ အာဏာရှိသူတွေက မီဒီယာကို ငွေပုံပေးပြီး မိမိတို့ စီးပွားရေးအတွက်၊ မိမိတို့ အာဏာအတွက် အသုံးချမှာတွေ၊ သူတို့က အသုံးမချတာတောင် မီဒီယာအနေနဲ့ဆက်လက် ရပ်တည်နိုင်ဖို့ အသုံးချခံရအောင် ကြိုးစားလာတာတွေ ဖြစ်လာခဲ့ရင် မီဒီယာတာဝန် မကျေတဲ့ မီဒီယာတွေ ဖြစ်လာ နိုင်ပါတယ်။

ဒါကြောင့် ဈေးကွက်ကနေ ထိန်းချုပ်လာမယ့် မီဒီယာပုံစံကို ဦးတည်သွားနေတဲ့ မြန်မာ့မီဒီယာဟာ အစိုးရဘက်ကပေးလာမယ့် လွတ်လပ်ခွင့်ဟာလည်း အရေးကြီးသလို၊ မီဒီယာတွေ ကိုယ်တိုင်က အဆိုပါ ပုံသဏ္ဍန်မှာ ဘယ်လိုရပ်တည် လည်ပတ်မလဲ ဆိုတာဟာလည်းမီဒီယာကဏ္ဍ တစ်ခုတည်းတင်မက၊ မြန်မာ့လူ့အသိုင်းအဝိုင်း တစ်စုံလုံး အတွက်ပါ အရေးတကြီး ပြင်ဆင်ထားရမယ့် အနာဂတ် စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly