မေးခွန်းပေါက်ကြားမှုနှင့် ခေါ်ယူ အစစ်ဆေးခံရသည့် ဆရာမက ပြန်လည်ရှင်းလင်း

မေးခွန်းပေါက်ကြားမှုနှင့် ခေါ်ယူ အစစ်ဆေးခံရသည့် ဆရာမက ပြန်လည်ရှင်းလင်း
ဓာတ်ပုံ-ဒေါင်းလူ

မကွေး၊ ဖေဖော်ဝါရီ ၂၀ ။ ။ မကွေးမြို့တွင် (၈)တန်းမေးခွန်းပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ မြို့မရဲစခန်းမှ ခေါ်ယူစစ်ဆေးခြင်း ခံခဲ့ရသူ နေခြည် ကိုယ်ပိုင်အထက်ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်လှလှမော်က မေးခွန်းများကို ၎င်းထံမှ စတင်ပေါက်ကြားခဲ့ခြင်း မဟုတ်ကြောင်း နှင့် ယင်းကိစ္စသည် နေခြည်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်လည်း မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၂၀ရက်က သတင်းထောက်များအား ခေါ်ယူကာ ရှင်းလင်းခဲ့သည်။ 

"ကျွန်မဆီက မေးခွန်းတွေ အဓိက ပေါက်တာမဟုတ်ပါဘူး။ ထိပ်တန်းမိတ္တူဆိုင်က အသိတစ်ယောက်က (၈)တန်း မေးခွန်းလေးများရရင် ပေးပါဦးလို့တောင်းတော့၊ ကျွန်မအသိတစ်ယောက်ဆီကရတဲ့မေးခွန်းကို Viberက တစ်ဆင့် ပို့လိုက်တာကို သူက စီးပွားဖြစ်ငွေရေးကြေးရေးနဲ့ ရောင်းစားတာ။ ကျွန်မကလည်း ရွှေစက်တော်၊ ဥယျာဉ်ကျေးရွာမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ဆီက Viberကတစ်ဆင့် ရတာ။ သူ့ကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ သိရတယ်။ ဂျာနယ်တွေမှာပါတဲ့ သတင်းတွေနဲ့ပတ်သက်လို့ တရားစွဲဆိုတုံ့ပြန်သွားဖို့ မရှိပါဘူး။" ဟု ဒေါ်လှလှမော်က ပြောသည်။ 

မေးခွန်းပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ မကွေးမြို့ နေခြည်ကိုယ်ပိုင်အထက်ကျောင်းနာမည်အား ဂျာနယ်များတွင် နာမည်ပါရှိခဲ့ပြီး၊ကျောင်း၏ပုံရိပ်ကို ထိခိုက်နိုင်သောကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဒေါ်လှလှမော်က ပြောသည်။ ၎င်းကို မေးခွန်းပေါက်ကြားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၈ရက် ည ၇နာရီက အမှတ်(၂)ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးချိန်တွင် ပညာရေးဌာန နှင့် စရဖအဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။ 

မကွေးမြို့၊ နေခြည်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မုန်းကလည်း ယခုကဲ့သို့ မေးခွန်းပေါက်ကြားမှုများသည် မဖြစ်သင့်ကြောင်း နှင့် မိမိတို့ကျောင်းမှ ပါဝင်ပတ်သက်ခြင်းမရှိသလို မေးခွန်းပေါက်ကြားမှုကိုလည်း လက်မခံနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ယင်းကိစ္စသည် ကျောင်းသူကျောင်းသားများ၏ စိတ်ဓါတ်ကို ပျက်စီးစေပြီး အလွယ်ရလိုစိတ်များဖြစ်စေနိုင်ကြောင်း ကျောင်းအုပ်ကြီးက ဖြည့်စွက် ပြောသည်။

မကွေးတိုင်းအတွင်း အဋ္ဌမတန်း စာမေးပွဲမေးခွန်းများမှာ အင်္ဂလိပ်စာ ဖြေဆိုသည့်နေ့မှစပြီး သိပ္ပံမေးခွန်းအထိ ငါးဘာသာ ကွက်တိ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။ 

မေးခွန်းပေါက်ကြားမှုကို ဖေဖော်ဝါရီ ၁၈ရက် ည ၇နာရီအချိန်က မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊သုခိတာလမ်း၊ ရန်ကင်းဈေးရှိ “ထိပ်တန်း" မိတ္တူဆိုင်ရှင် ဦးမင်းဇော်သွေးနှင့် အောင်မင်္ဂလာရပ်ကွက်၊ "နေခြည်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြကျောင်းဆရာမတို့အား မကွေးမြို့ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly