အာဖဂန်တွင် တာလီဘန်တို့က ပညာရေးသင်ရိုးညွှန်းတမ်းသစ်ကို အစ္စလမ္မစ်ဥပဒေနှင့်အညီ ဖော်ဆောင်ရန် စီစဉ်

By Khaama
27 August 2022
အာဖဂန်တွင် တာလီဘန်တို့က ပညာရေးသင်ရိုးညွှန်းတမ်းသစ်ကို အစ္စလမ္မစ်ဥပဒေနှင့်အညီ ဖော်ဆောင်ရန် စီစဉ်

အာဖဂန်နစ္စတန်တွင် မိန်းကလေးများအတွက် အလယ်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး တာလီဘန်တို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးတိုက်တွန်းမှုများ လုပ်ဆောင်နေချိန်တွင်  တာလီဘန်ခေါင်းဆောင်များသည် အာဖဂန် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၌ “ပညာရေး သင်ရိုးညွှန်းတမ်းဆိုင်ရာ ဦးစီးဌာန” တစ်ခုကို ထူထောင်ဖွဲ့စည်းထားသည်။

ယခင်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) ၏ လမ်းညွှန်မှုအောက်တွင် အာဖဂန်တက္ကသိုလ်တာဝန်ရှိသူများက ပြည်တွင်းရှိ အင်စတီကျူးရှင်းများ၏ သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရလိမ့်မည် ဖြစ်သည်။

ယခုအခါ အာဖဂန် တာလီဘန်အာဏာပိုင်တို့ ထူထောင်လိုက်သည့် ဦးစီးဌာနသည် အာဖဂန်နစ္စတန်တစ်ဝန်းရှိ တက္ကသိုလ်အားလုံး၏ ပညာရေး သင်ရိုးညွှန်းတမ်းကို အစ္စလမ္မစ် ဥပဒေများနှင့်အညီ ပြန်လည်သုံးသပ် ဖော်ဆောင်သွားရန် ရည်ရွယ်ကြောင်း အာဖဂန် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အာမက်ဒ် တာခီက ပြောသည်။ ယခု ဦးစီးဌာနရုံးတွင် ညွှန်ကြားရေးမှူး ခြောက်ဦးနှင့် ဝန်ထမ်း ၅၂ ဦး ရှိမည်ဖြစ်သည်။

“ကျွန်တော်တို့ဟာ သင်ရိုးညွှန်းတမ်းကို ပြန်သုံးသပ်ဖို့ ကော်မရှင်တွေ ဖွဲ့ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေက ပညာရှင်တွေနဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ သီးခြား အစည်းအဝေးအချို့ ပြုလုပ်ခဲ့သလို သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်မှုတွေ လုပ်ခဲ့ပါတယ်” ဟု တာခီက ပြောကြောင်း Tolo News က ကိုးကားဖော်ပြသည်။

 ဦးစီးဌာနသစ်အနေဖြင့် ပညာရေး ရှုထောင့်ကို နိုင်ငံရေးနှင့် အခြား သက်ဆိုင်ရာ ကိစ္စများနှင့် သီးခြားဖြစ်စေမည့် သင်ရိုးညွှန်းတမ်းတစ်ခုကို ဖော်ဆောင်သင့်သည်ဟု တက္ကသိုလ်ကထိကများက သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်ပြီး ပြောခဲ့ကြသည်။

“ဒီ ဖော်ဆောင်မှုဟာ နိုင်ငံရေး အကြောင်းကိစ္စတွေနဲ့ ကင်းလွတ်ပြီး သိပ္ပံနည်းကျ စံနှုန်းတွေအပေါ် အခြေခံပြီး လုပ်သင့်ပါတယ်” ဟု တက္ကသိုလ် ကထိကတစ်ဦးဖြစ်သည့် အဗ္ဘဒူလ် ဟာဒီ ဝါဇင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly