တရုတ်ဘော်လီဘောအဖွဲ့ချုပ်က ကစားသမားတွေကို ပွဲစဉ်အတွင်း နှာခေါင်းစည်းတွေ ဖယ်ရှားဖို့ မပြောခဲ့မိတဲ့အတွက် တောင်းပန်

တရုတ်ဘော်လီဘောအဖွဲ့ချုပ်က ကစားသမားတွေကို ပွဲစဉ်အတွင်း နှာခေါင်းစည်းတွေ ဖယ်ရှားဖို့ မပြောခဲ့မိတဲ့အတွက် တောင်းပန်

တရုတ်ဘော်လီဘောအဖွဲ့ချုပ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာရှဖလား ပွဲစဉ်တစ်ခုမှာ သူတို့ရဲ့ အမျိုးသမီးဘော်လီဘောအသင်းကို ပါးစပ်/နှာခေါင်းစည်းတွေ ဖယ်ရှားဖို့ မပြောခဲ့မိတဲ့အတွက် သောကြာနေ့ ( သြဂုတ် ၂၆)က တောင်းပန်လိုက်ပါတယ်။

အဆိုပါအသင်းဟာ ကြာသပတေးနေ့က အီရန်နဲ့  ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ရဲ့ အဖွင့်ပွဲငယ်မှာ နှာခေါင်းစည်း တပ်ဆင်ကစားခဲ့ရာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း  ၃-၁ ဖြင့် အနိုင်ရကာ အုပ်စုထိပ်ဆုံးကနေ ရပ်တည်ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။

ကစားသမားတချို့ဟာ Pasig City မှာ ကစားတဲ့ ပထမပွဲငယ် မပြီးဆုံးခင်မှာ သူတို့ရဲ့နှာခေါင်းစည်းတွေ ကို စတင်ဖယ်ရှားခဲ့ပြီး ဒုတိယနဲ့ တတိယမြောက်ပွဲငယ်တွေမှာတော့ မတပ်ဆင်တော့ဘဲ ကစားခဲ့ကြတယ်လို့ AFP သတင်းထောက်တစ်ဦးက ပြောပါတယ်။

တရုတ်ဟာ သြစတြေးလျအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို စနေနေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ (Updated: တရုတ်ဟာ သြစတြေးလျအသင်းကို ပွဲငယ် (၃)ပွဲစလုံး ၂၅-၁၃၊ ၂၅-၈၊ ၂၅-၈ (၃-၀) ဖြင့် အပြတ်သတ်အနိုင်ယူပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်)

တရုတ်ဆိုရှယ်မီဒီယာပေါ်က အသုံးပြုသူတွေက ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး သူတို့ရဲ့ နှာခေါင်းစည်းတပ်ဆင်မှုကို "ရူးနှမ်းမှု"အဖြစ် ဝေဖန်ခဲ့ကြပါတယ်။

"ဒါက meme တခုလို့ ကျနော် ထင်ခဲ့တာ၊ သူတို့ တကယ်ပဲ Mask နဲ့ ကစားမယ်လို့ မထင်ခဲ့ဘူး"လို့ Like ၅,၀၀၀ ကျော်ရှိတဲ့ Twitter လို Weibo ပလပ်ဖောင်းပေါ်က မှတ်ချက်တစ်ခုကို တွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ ပိတ်ဆို့ကန့်သတ်မှုတွေ၊ ခရီးသွားလာမှု ကန့်သတ်ချက်တွေ၊ အစုလိုက်အပြုံလိုက် စမ်းသပ်မှုတွေနဲ့ နေ့စဉ်လူနေမှုဘဝမှာ ပုံမှန်ဖြစ်နေတဲ့ ပါးစပ်/နှာခေါင်းစည်းတွေနဲ့အတူ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို လိုက်နာတဲ့ တစ်ခုတည်းသော အဓိကစီးပွားရေးနိုင်ငံဖြစ်သည်။

"လူ့အဖွဲ့အစည်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တဲ့အတွက်" တရုတ်ဘော်လီဘောအဖွဲ့ချုပ်က သူ့ရဲ့ Weibo စာမျက်နှာမှာ တောင်းပန်ခဲ့ပါတယ်။

တခြားကစားသမားတွေမှာ ကိုဗစ်ရှိနေတယ်လို့ သိရှိပြီးနောက် အသင်းက ကစားသမားအားလုံးကို ကွင်းအတွင်းကို ဝင်ရောက်စဉ်အတွင်း နှာခေါင်းစည်းတွေ တပ်ခိုင်းခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

"ပွဲဖြစ်မြောက်ရေးကော်မတီမှာ အားကစားသမားတွေအနေနဲ့ ပွဲစဉ်အတွင်း နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ တိကျရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိတဲ့အတွက် ပြိုင်ပွဲစပြီးချိန်မှာ ကိုယ့်အားကစားသမားတွေက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတွေ တပ်ထားရတယ်"လို့ အဖွဲ့ချုပ်က ရေးသားထားပါတယ်။

"ကျနော်တို့တွေ ကွင်းတွင်း အတွေ့အကြုံမရှိလို့ ကစားသမားတွေကို  နှာခေါင်းစည်းတွေကို အချိန်မီ ချွတ်ဖို့ သတိမပေးနိုင်ခဲ့ပါဘူး။"

တရုတ်အမျိုးသမီးဘော်လီဘောအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်နေပြီး ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့ပြီး တရုတ်အမျိုးသမီးတွေအတွက် အားကစားစိတ်ပါဝင်စားမှုအပြင် စံနမူနာပြရုပ်ဖြစ်လာခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly