မလေးရှားတွင် မုဒိမ်းမှုဖြစ် စွပ်စွဲခံရသော ဘင်္ဂလားဒေ့ရှ်အမျိုးသားအား ဒေါသထွက်နေသော လူအုပ်က ၀ိုင်းရိုက်

မလေးရှားတွင် မုဒိမ်းမှုဖြစ် စွပ်စွဲခံရသော ဘင်္ဂလားဒေ့ရှ်အမျိုးသားအား ဒေါသထွက်နေသော လူအုပ်က ၀ိုင်းရိုက်

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၀ ။             ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ၏ အဓိကဆင်ခြေဖုန်းမြို့ဆီပါတက်၏ ဆရီရမ်ပိုင်တွင် ဆိုက်ဘာကဖေးတစ်ခု၏ အိမ်သာတစ်ခုတွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်သည်ဟု စွပ်စွဲခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးသည် ဒေါသထွက်နေသော လူအုပ်၏ ဆိုးဆိုးဝါးဝါးရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ဦးခေါင်း၊ မျက်နှာနှင့် ခြေထောက်တို့တွင် ဒဏ်ရာများရရှိကာ သွေးများထွက်နေသော ၎င်းအမျိုးသားအား ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်။ မုဒိမ်းမှုအတွက် စစ်ဆေးရန် ၎င်းအားရမန်တစ်ပတ်ချုပ် ထားမည်ဖြစ် သည်။

ဖေဖော်ဝါရီ ၁၈ ည၁၀နာရီခွဲခန့်က ၁၃နှစ်အရွယ်မိန်းကလေးသည် Rampai Business Park ရှိ ဆိုက်ဘာကဖေးသို့ ၎င်း၏ဖခင်နှင့်အတူလိုက်ပါလာခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ဖခင်ဖြစ်သူမှာ ဗီဒီယိုဂိမ်းတွင် နစ်မျောနေစဉ် မိန်းကလေးမှာ ဘေးတွင် စောင့်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ထိုစဉ်ယင်းကဖေးမှာပင်ရှိနေခဲ့သော ဘင်္ဂလားဒေ့ရှ်အမျိုးသားသည် အိမ်သာသို့ ၎င်းနှင့်အတူသွားရန် သွေးဆောင်ခဲ့သည်။ "ကောင်မလေးက အဲဒီမှာ သူ့နောက်လိုက်သွားတယ်။ အိမ်သာထဲ လည်းရောက်ရော ကောင်မလေးကို ဗလက္ကာရလုပ်ပြီး မုဒိမ်းကျင့်လိုက်တယ်"ဟု ကွာလာလမ်ပူစီအိုင်ဒီအကြီးအကဲ ဒါတွတ်ဇိုင်နူဒင်အာမက်က ပြောသည်။

အသက် ၃၀အရွယ် ၎င်းအမျိုးသားသည် မိန်းကလေးကို မုဒိမ်းကျင့်စဉ် အသံမထွက်ရန် ခြိမ်းခြောက်ခဲ့သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် သမီးပျောက်နေသည်ကို သတိထားမိပြီး ရှာဖွေခဲ့သည်။ ၎င်းက အိမ်သာတံခါးကို ခေါက်ပြီး သမီးဖြစ်သူ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရသည်ကို တွေ့ရှိခဲ့သည်ဟု ပြောသည်။

ကျူးလွန်သည့်သံသယရှိသူကို ဖခင်ဖြစ်သူနှင့် ဆိုင်ထဲရှိလူများက ဝိုင်းရိုက်ကြသည်။ ရဲကိုဖုန်းဆက်ခေါ်ယူကာ ၎င်းအမျိုးသားကို ဖမ်းဆီးလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly