ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ပါကစ္စတန်၏ လုပ်ဆောင်ချက်များကို FATF အဖွဲ့ ကွင်းဆင်းစစ်ဆေးမည်

By The Print
25 August 2022
ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ပါကစ္စတန်၏ လုပ်ဆောင်ချက်များကို FATF အဖွဲ့ ကွင်းဆင်းစစ်ဆေးမည်

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) သည် ရှေ့လထဲတွင် ပါကစ္စတန်နိုင်ငံသို့ ကွင်းဆင်းလေ့လာမှုခရီးစဉ် လာရောက်မည် ဖြစ်ပြီး အဖွဲ့၏ မီးခိုးရောင်စာရင်းမှ ဖယ်ရှားခံရစေရေး ပါကစ္စတန်တို့ လုပ်ဆောင်ထားသော လုပ်ဆောင်ချက်များကို အတည်ပြုစစ်ဆေးသွားမည် ဖြစ်သည်။

အောက်တိုဘာလတွင် ပြုလုပ်မည့် မျက်နှာစုံညီ အစည်းအဝေးတစ်ခု မတိုင်မီ FATF ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလထဲ လာရောက်ရန် ပါကစ္စတန်တာဝန်ရှိသူတို့က မျှော်လင့်နေကြောင်း The Express Tribune မီဒီယာ၏ တရားဝင် သတင်းရင်းမြစ်များက ပြောသည်။ FATF အဖွဲ့ လာရောက်မည့် အရေးကြီးသော ထိုခရီးစဉ်မတိုင်မီ ပါကစ္စတန်သည် သက်ဆိုင်ရာ အာဏာပိုင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် မဟာဗျူဟာကို အပြီးသတ်ခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။

အဓိကကျသည့်အချက်မှာ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဖြင့် စွပ်စွဲခံထားရသူများအဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က သတ်မှတ်ထားသည့် လူပုဂ္ဂိုလ်အချို့ကို တရားစွဲဆိုရေး ဖြစ်သည်။ FATF ၏ မီးခိုးရောင်စာရင်းတွင် ထည့်သွင်းခံရသည့် နိုင်ငံများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စများ လုပ်ဆောင်ရာတွင် အခက်တွေ့မည် ဖြစ်သလို စီးပွားရေးလုပ်ကိုင်ရမှု စရိတ်စကများ မြင့်တက်မှုနှင့် ကြုံရမည်ဖြစ်သည်။

FATF ၏ ကွင်းဆင်းခရီးစဉ် လာရောက်မည့်ကိစ္စနှင့် စပ်လျဉ်းပြီး ပြီးခဲ့သည့်အပတ်က ပါကစ္စတန် နိုင်ငံခြားရေးဒုဝန်ကြီး ဟီနာ ရတ်ဘာနီ ဦးဆောင်ပြီး အရေးကြီးအစည်းအဝေးတစ်ခုကို နိုင်ငံခြားရေးရုံး၌ ခေါ်ယူကျင်းပခဲ့ကြောင်း မီဒီယာသတင်းဌာန၏ သတင်းရင်းမြစ်များက ပြောသည်။

ပါကစ္စတန်၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု တားဆီးရေး စနစ် (AML/CFT) ၏ ထိရောက်မှုကို တိုးတက်စေရန် ပြီးခဲ့သည့်ကာလအတွင်း လုပ်ဆောင်ထားခဲ့သော ဥပဒေ၊ မူဝါဒနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းချက်တစ်ရပ်ကို အမျိုးသားဆိုင်ရာ FATF ချိတ်ဆက်ညှိနှိုင်းမှု ကော်မတီထံ တင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required