ပါကစ္စတန်တွင် ဇူလိုင်လအတွင်း ကလေးငယ် ၁၀၀ ကျော်နှင့် အမျိုးသမီး ၈၅ ဦး လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရ

ပါကစ္စတန်တွင် ဇူလိုင်လအတွင်း ကလေးငယ် ၁၀၀ ကျော်နှင့် အမျိုးသမီး ၈၅ ဦး လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရ

ပါကစ္စတန်နိုင်ငံတစ်ဝန်း ယခုနှစ် ဇူလိုင်လအတွင်း အမျိုးသမီး ၁၃၃ ဦးထက်မနည်း ပြန်ပေးဆွဲခံခဲ့ရပြီး   ၈၅ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း စဉ်ဆက်မပြတ် လူမှုဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အဖွဲ့အစည်း (SSDO) နှင့် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် ဆက်သွယ်ရေးစင်တာ (CRDC) တို့က ပြုစုသော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။ 

ထို့ပြင် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုများက ယင်းနိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်း ဆက်လက်ဖြစ်ပွားလျက် ရှိပြီး အဆိုပါလအတွင်း ကလေးငယ် ၁၀၈ ဦးအထိ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံခဲ့ရသည်။

ပန်ဂျပ်ပြည်နယ်တွင် ကလေးများနှင့် အမျိုးသမီးများအပေါ် ပြစ်မှုကျူးလွန်မှု ဖြစ်စဉ် ၇၇ ခုအထိ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အရေအတွက် အများဆုံး ဖြစ်ပွားခဲ့သည်။ အလားတူ ဆင်းဒ်ပြည်နယ်တွင် ထိုကဲ့သို့ ပြစ်မှုကျူးလွန်မှုဖြစ်စဉ် ၃၄ ခု၊ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် ၁၆ ခု နှင့် အစ္စလမ်မာဘတ်မြို့တွင် အကြမ်းဖက်စော်ကားမှု ဖြစ်စဉ် ၆ ခုတို့ အသီးသီး ဖြစ်ပွားခဲ့ကြောင်း Dawn သတင်းစာက ကိုးကားဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် ပြန်ပေးဆွဲခေါ်ဆောင်မှုက အမျိုးသမီးများအပေါ် ကျူးလွန်သည့် အဓိကပြစ်မှုတစ်ခုအဖြစ် ၃လဆက်တိုက်အဖြစ် ဆက်လက် ရပ်တည်နေသည်။ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ပြန်ပေးဆွဲမှုဖြစ်စဉ် ၁၃၃ ခုအနက် ပန်ဂျပ်ပြည်နယ်တွင် ဖြစ်စဉ် ၉၃ ဦးအထိ ဖြစ်ပွားခဲ့သည်။ ဆင်းဒ်ပြည်နယ်နှင့် အစ္စလမ်မာဘတ်တို့တွင် အမျိုးသမီးများကို ပြန်ပေးဆွဲမှုဖြစ်စဉ် ၂၀ ခုနှင့် ၁၅ ခုစီ အသီးသီး ဖြစ်ပွားခဲ့သည်။ အဆိုပါလအတွင်း ဘာလိုချီစတန်နှင့် ခိုင်ဘာပက်ခ်တွန်ခဝါတွင် ပြန်ပေးဆွဲမှု ဖြစ်စဉ် ၂ခုနှင့် ၃ခုစီ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လအတွင်း အဆိုပါနိုင်ငံတွင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်စဉ် ၈၅ ခုထက်မနည်း ဖြစ်ပွားခဲ့ရာတွင် ပန်ဂျပ်ပြည်နယ်၌ အဓမ္မကျင့်မှု ဖြစ်စဉ် ၄၇ ခုအထိ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

ထို့ပြင် မိသားစု ဂုဏ်သိက္ခာအရ သတ်ဖြတ်မှုဖြစ်စဉ်များအဖြစ် ဆင်းဒ်ပြည်နယ်တွင် အမျိုးသမီး ၄ဦး၊ ပန်ဂျပ်ပြည်နယ်တွင် အမျိုးသမီး ၃ဦး စုစုပေါင်းအမျိုးသမီး ၇ဦးထက်မနည်း အသတ်ခံရသည်။ ထို့ပြင် လုပ်ငန်းခွင် နှောင့်ယှက်တိုက်ခိုက်မှုဖြစ်စဉ် ၅ခု ပန်ဂျပ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး ဆင်းဒ်ပြည်နယ်တွင် ထိုကဲ့သို့ဖြစ်စဉ် ၂ခု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required