ပါကစ္စတန် ဆွက်ဒေသသို့ တာလီဘန်တို့ ပြန်ရောက်လာခြင်းကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်နေ

ပါကစ္စတန် ဆွက်ဒေသသို့ တာလီဘန်တို့ ပြန်ရောက်လာခြင်းကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်နေ

ပါကစ္စတန်နိုင်ငံ၏ ဆွက်ဒေသသို့ တာလီဘန်တို့ ပြန်ရောက်လာမှုက ဒေသခံပြည်သူများကို အထိတ်တလန့် ဖြစ်စေခဲ့ပြီး အဆိုပါ အဖွဲ့အပေါ် ကိုင်တွယ်အရေးယူရန် အစိုးရကို ဒေသခံများက တောင်းဆိုလျက် ရှိသည်။

ပါကစ္စတန် တာလီဘန်ဟု သိကြသော တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် မကြာသေးခင်က ဘယ်လာဆိုး တော့ပ်အရပ်တွင် စစ်ဆေးရေးဂိတ်တစ်ခု ထူထောင်ခဲ့သလို   ဆွက်ဒေသ၏ မက်တာအရပ်ရှိ အခြားသော ဧရိယာများတွင် TTP အဖွဲ့ဝင်များ သွားလာနေကြသည်ကို မြင်တွေ့နေရကြောင်း သတင်းရင်းမြစ်များ ကို ကိုးကားပြီး the News International က ဩဂုတ် ၁၁ ရက်တွင် ဖော်ပြသည်။

တာလီဘန် စစ်သွေးကြွများသည် ဘယ်လာဆိုး တော့ပ်အရပ်တွင်သာမကဘဲ ဘား ရှော၊ ကို့ဇ် ရှော၊ နမ်မဲလ်၊ ဂတ် ပီယူချာနှင့် အခြားနေရာများအပါအဝင် မက်တာ အရပ်၏ တောင်ကုန်းဧရိယာများတွင် အင်အားအများအပြားဖြင့် ရှိနေသည်ဟု ဒေသခံများက ပြောသည်။

မက်တာ အရပ်၏ တောင်ကုန်းဧရိယာများတွင် တာလီဘန် စစ်သွေးကြွအရေအတွက် များလာခြင်းကြောင့် နေ့စဉ်နှင့်အမျှ အထိတ်တလန့်ဖြင့် နေထိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မာလာကန်း ဒေသရဲတပ်ဖွဲ့ အကြီးအကဲ ဇီးရှန်း အက်စ်ဂါထံ မှတ်ချက်တောင်းရန် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိခဲ့ပေ။ ယခုနှစ် ဇန်နဝါရီလတွင် TTP အဖွဲ့၏ အကြီးတန်းခေါင်းဆောင် မက်ဖ်တီ ခါလစ် ဘော်လ်တီ ခေါ် မိုဟာမက်ဒ် ခိုရာဆာနီသည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့က အတည်ပြုခဲ့သည်ဟု the News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly