တရုတ်က အိန္ဒိယကျောင်းသားများကို ၂ နှစ်ခွဲကြာပြီးနောက် ဗီဇာထုတ်ပေး

တရုတ်က အိန္ဒိယကျောင်းသားများကို ၂ နှစ်ခွဲကြာပြီးနောက် ဗီဇာထုတ်ပေး

ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် ၂ နှစ်ခွဲကြာမျှ မွေးရပ်မြေနိုင်ငံမှ မထွက်ခွာနိုင်ခဲ့သော   အိန္ဒိယကျောင်းသားများအား တရုတ်တက္ကသိုလ်များတွင် အတန်းပြီးအောင်တက်နိုင်ရန် တရုတ်က ဗီဇာထုတ်ပေးတော့မည်ဖြစ်သည်။

တရုတ်တက္ကသိုလ်များတွင် ဆေးပညာရပ်အပါအဝင် ဘာသာရပ်အမျိုးမျိုး၌ အပ်နှံထားသော အိန္ဒိကျောင်းသား ၂၃ ၀၀၀ အနက်မှ ကျောင်းသားအများအပြားသည် တရုတ်သို့ပြန်သွားရန် ပေကျင်းရှိ အိန္ဒိယသံရုံးတွင် စာရင်းပေးသွင်းထားကြသည်။

တရုတ်တွင်ပညာသင်ကြားလိုသော ကျောင်းသားသစ်များအနေဖြင့်လည်း လာရောက်နိုင်ကြောင်း နယူးဒေလီရှိ တရုတ်သံရုံးက ဩဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ပညာဆက်လက်ဆည်းပူးရန် တရုတ်သို့ ပြန်လာလိုသော ကျောင်းသားများနှင့် ကျောင်းစတင်အပ်နှံမည့် ကျောင်းသားများအပါအဝင် ရေရှည် အဆင့်မြင့် ပညာရေးကို သင်ယူလိုသော ကျောင်းသားများကို X1-Visa ထုတ်ပေးမည်ဟု အသေးစိတ် ဖော်ပြထားသည်။

သို့သော် ယခုအချိန် အိန္ဒိယနှင့်တရုတ်အကြား တိုက်ရိုက်လေကြောင်းလိုင်းမရှိဘဲ တတိယနိုင်ငံမှတစ်ဆင့် လာရန်မှာလည်း ရှုပ်ထွေးနေဆဲဖြစ်သောကြောင့် တရုတ်တက္ကသိုလ်များသို့ ပြန်သွားမည့်လုပ်ငန်းစဉ်မှာ အချိန်ပိုယူရမည်ဖြစ်သည်။

အိန္ဒိယနှင့်ကျောင်းသားများက ဧပြီလက မကြာခဏ တင်ပြတောင်းဆိုပြီးနောက် တရုတ်က စောင့်ဆိုင်းနေသော အိန္ဒိယကျောင်းသားများအချို့ကို ပြန်လာခွင့်ပြုရန် သဘောတူညီလိုက်ပြီး ပြန်လာလိုသူများ၏ အသေးစိတ် အချက်အလက်ကို ကောက်ခံရန် ပေကျင်းရှိ အိန္ဒိယသံရုံးအား  တောင်းဆိုခဲ့သည်။

“တရုတ်ဟာ လက်ရှိ ရှုပ်ထွေးလှတဲ့ ကပ်ရောဂါအခြေအနေအောက်မှာ အိန္ဒိယကျောင်းသားအချို့ကို လက်ခံဖို့အသင့်ဖြစ်နေပါပြီ။ သူတို့ပြန်လာနိုင်မှုဟာ နိုင်ငံတကာရဲ့ ကပ်ရောဂါအခြေအနေ၊ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ သူတို့ယူထားတဲ့ ဘာသာရပ်တွေပေါ် မူတည်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly