ဂျပန်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသူ ဂျပန်ကာတွန်းဇာတ်ကောင်ပရိတ်သတ်တစ်ဦးကို တရုတ်ရဲက ဖမ်းဆီး

ဂျပန်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသူ ဂျပန်ကာတွန်းဇာတ်ကောင်ပရိတ်သတ်တစ်ဦးကို တရုတ်ရဲက ဖမ်းဆီး

တရုတ်နိုင်ငံ၊ အရှေ့ပိုင်းမြို့ဖြစ်သော စူကျိုးတွင် ဓာတ်ပုံရိုက်ရန်အတွက် ဂျပန်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသူ ဂျပန်ကာတွန်းဇာတ်ကောင်ဝါသနာရှင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့သည်။

ဂျပန်အရက်ဆိုင်များနှင့် စားသောက်ဆိုင်များကြောင့် လူသိများသော ဟူအိုက်ဟိုင်လမ်းတွင် အနီရောင်ပန်းများ နှင့် အစိမ်းရောင်အရွက်များဖြင့် အလှဆင်ထားသော အဖြူရောင်ကီမိုနိုကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ် သည် သြဂုတ် ၁၇ရက် ညနေခင်းတွင် အဆာပြေစားရန် တန်းစီစောင့်ဆိုင်းနေချိန်တွင် သူမနှင့် ဓာတ်ပုံ ဆရာသည် ရဲတပ်ဖွဲ့က ရုတ်တရက် ဝိုင်းရံခြင်းခံလိုက်ရကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ဂျပန်ကာတွန်းဝါသနာရှင်က Weiboတွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ရဲများနှင့် တွေ့ဆုံသည့် အပိုင်းကို ပြသထားပြီး ယင်းတွင် အမျိုးသမီးက ဓာတ်ပုံရိုက်နေခြင်းဖြစ်ကြောင်း ရဲအရာရှိကို ရှင်းပြနေသည်။ 
 
"မင်းဒီကို ဟန်ဖူဝတ်ပြီး လာရင် ငါမပြောဘူး။ ဒါပေမဲ့  တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး ကီမိုနိုကို ဝတ်ဆင် ထားတယ်။ မင်းက တရုတ်လူမျိုး၊ ဟုတ်တယ်မဟုတ်လား" ဟု ရဲအရာရှိက သူမကို အော်ဟစ်နေသည်။

ဟန်ဖူသည် ချင်မင်းဆက် မတိုင်မီ ဟန်တရုတ်များ ဝတ်ဆင်သည့် ရှေးခေတ်ရိုးရာအဝတ်အထည်များကို ခြုံငုံ ခေါ်ဆိုခြင်းဖြစ်သည်။ ရှီကျင့်ဖျင်၏ ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ချိန်တွင် ယင်းသည် မကြာသေးမီနှစ်များ အတွင်းရေပန်းစားလာခဲ့သည်။

ထို့နောက် အမျိုးသမီးက အော်ငေါက်ခံရသည့် အကြောင်းရင်းကို အေးအေးဆေးဆေး မေးမြန်းခဲ့သည်။

“ရန်ဖြစ်စကားများပြီး ပြဿနာဖြစ်စေရန် လှုံ့ဆော်မှု သံသယရှိမှုဖြင့်” ဖြစ်ကြောင်း ရဲက ပြောကြားခဲ့ပြီး ယင်း သည် အတိုက်အခံများ၊ သတင်းထောက်များ၊ လူ့အခွင့်အရေးရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် မကြာခဏ ဖမ်းမိသည့် စွဲချက်အားလုံးကို ရည်ညွှန်းကာ ရဲက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုကို သြဂုတ်လ ၁၈ရက် မွန်းလွဲပိုင်းအထိကြည့်ရှုသည့် အကြိမ်ရေ ၈ သန်းကျော်ရှိခဲ့ပြီး ယင်းအမျိုးသမီးကို ရဲအရာရှိအများအပြားက ဆွဲခေါ်သွားကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်သည့် ပုံသဏ္ဍာန်ဖြင့် ဗီဒီယိုက အဆုံးသတ် သွားခဲ့သည်။

အမျိုးသားရေးဝါဒနှင့် ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံ၊ လူမြင်ကွင်းတွင် ကီမိုနိုဝတ်ဆင်ခြင်းသည် မကြာသေးမီနှစ်များအတွင်း အငြင်းပွားဖွယ်ရာများ ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly