အမေရိကန်က ဂျပန်ရှိ အိုကီနာဝါကျွန်းပေါ် နျူလက်နက်များ ထားရှိခဲ့

အမေရိကန်က ဂျပန်ရှိ အိုကီနာဝါကျွန်းပေါ် နျူလက်နက်များ ထားရှိခဲ့

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀ ။              ။ လူအများသိရှိထားသည့် လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း အမေရိကန်သည် စစ်အေးတိုက်ပွဲကာလအတွင်း နျူကလီးယား လက်နက်များကို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ထားရှိခဲ့သည်ဆိုသည့် အချက်ကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ကာ ထုတ်ပြန်ကြေညာလိုက်သည်။

အမေရိကန်သည် အိုကီနာဝါကျွန်းအား ဂျပန်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည့် ၁၉၇၂ခုနှစ် မေ ၁၅မတိုင်မီအထိ ယင်းကျွန်းပေါ်တွင် နျူကလီးယားလက်နက်များ ချထားခဲ့သည်ဆိုသည့် အချက်ကို ပင်တဂွန်က လျှို့ဝှက်အဆင့်မှ ပယ်ဖျက်လိုက်ကြောင်း ကာကွယ်ရေးဋ္ဌာနဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြခဲ့သည်။

ယင်းသို့လျှို့ဝှက်ချက်ကို ဖော်ထုတ်မှုအတွက် ဂျော့ဝါရှင်တန်တက္ကသိုလ်ရှိ အမျိုးသားလုံခြုံရေးမော်ကွန်းတိုက်က ကြိုဆိုလိုက်သည်။ သို့သော်လည်း ကျွန်းပေါ်ရှိ နျူလက်နက်များကို ရိုက်ပြထားသည့် အမေရိကန်လေတပ်ဓါတ်ပုံများကို အများပြည်သူတို့ ကြည့်ရှုနိုင်သည်မှာ ၂၅နှစ်ကျော်ရှိနေပြီဟု ထောက်ပြခဲ့သည်။

ဂျပန်သည် နျူလက်နက်ဖြင့် တိုက်ခိုက်ခံရသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ အမေရိကန်သည် ၁၉၄၅က ဟီရိုရှီးမားနှင့် နာဂါစကီမြို့များပေါ်သို့ အဏုမြူဗုံးများကြဲချခဲ့ရာ လူ ၂၁၀,၀၀၀ကျော်သေဆုံး ခဲ့ပြီး ဒုတိယကမ္ဘာစစ်တွင် ဂျပန်ကို လက်နက်ချစေခဲ့သည်။

ဂျပန်သည် ထိုစဉ်ကတည်းက လက်နက်များဖျက်သိမ်းရေးကို လှုံ့ဆော်ခဲ့သည်။ ဂျပန်သည် နျူလက်နက်များကို မပိုင်ဆိုင်၊ မထုတ်လုပ်၊ ထားခွင့်မပြုဆိုသည့် ၎င်း၏မူသုံးရပ်ဖြင့် ဂျပန်ဝန်ကြီးချုပ်ဟောင်း အေးဆာကုဆာတို့သည် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly