မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းသဖြင့် တရုတ်နှင့်နယ်စပ်တွင် ကုန်သွယ်မှု ရပ်တန့်

မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းသဖြင့် တရုတ်နှင့်နယ်စပ်တွင် ကုန်သွယ်မှု ရပ်တန့်

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်ကုန်စည်ကူးသန်းရောင်းဝယ်နေသည့် မြန်မာကုန်သည်များက နိုင်ငံ၏ ကျပ်ငွေတန်ဖိုးမှာ တရုတ်ယွမ်နှင့် နှိုင်းယှဉ်ပါက များစွာ ကျဆင်းနေသဖြင့် လုပ်ငန်းများ ဆက်လက် မလုပ် ကိုင်နိုင်တော့ကြောင်း ပြောသည်။

ကုန်သည်များသည် ပုံမှန်အားဖြင့် လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ကြပြီး တရုတ်လူသုံးကုန်ပစ္စည်း၊ စက်မှုလုပ်ငန်းသုံး ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ မြန်မာနိုင်ငံသို့ တင်သွင်းကြသည်။

သို့သော် နယ်စပ်တွင် မကြာသေးမီ သီတင်းပတ်များအတွင်း ကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းခဲ့သည်။ ယခုလအစအပိုင်းက ၁ ယွမ် (အမေရိကန် ၁ ဒေါ်လာ = ၆.၈၃ ယွမ်) တန်ဖိုးမှာ ၃၀၀ ကျပ်ခန့် ဈေးပေါက်သည်။

ဩဂုတ် ၂၃ ရက်က ၁ ယွမ်သည် မြန်မာငွေ ၄၂၀ ကျပ်ဝန်းကျင်ရှိလာကြောင်း ကုန်သည်များက ပြောသည်။ 

 “နယ်စပ်မှာ ကုန်စည်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ထပ်မဝယ်နိုင်တော့ဘူး။ ငွေကြေးတန်ဖိုး မတည်ငြိမ်လို့ ကုန်သည်တွေက ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ အဝယ်အရောင်းတွေ မလုပ်ကြဘူး” ဟု ရွှေလီနယ်စပ်မြို့၌ အလုပ်လုပ်နေသော ကုန်သည်တစ်ဦးဖြစ်သည့် မနေခြည်က RFA သို့ ပြောသည်။

ကုန်သွယ်ရေးကုမ္ပဏီပိုင်ရှင် ကိုဇော်မင်းကလည်း ကျပ်ငွေမတည်ငြိမ်မှုကြောင့် ပိုမိုကောင်းမွန်သည့် လဲလှယ်နှုန်း ကို စောင့်နေကြောင်းနှင့် ငွေကြေးမတည်ငြိမ်မှုက ကုန်သည်များကိုသာမက ကုန်စည်များကို ပို့ဆောင်ပေးသော ကုန်တင်ယာဉ်မောင်းများကိုပါ ထိခိုက်စေသည်ဟု ဆိုသည်။

နယ်စပ်၌ ကုန်စည်ပို့ဆောင်ခနှုန်းမှာ လက်ရှိငွေလဲလှဲနှုန်းအရ ၁ ကီလိုဂရမ်လျှင် ၂ ဒသမ ၅ ယွမ်ခန့် ရှိကြောင်းနှင့် ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်ခထက် ၄ ဆပိုများသည်ဟု ကိုဇော်မင်းက ဆိုသည်။

မူဆယ်နယ်စပ်ဇုန်တွင် ၁၀ နှစ်ကျော်ကြာ လုပ်ကိုင်နေသည့် ကုန်သည်တစ်ဦးက ယင်းအခြေအနေအတိုင်း ဆက်လက်ရှိနေပါက ရေရှည်တွင် စားသုံးသူများနှင့် ကုန်သည်များကို ထိခိုက်စေနိုင်ကြောင်း ပြောသည်။

စစ်ကောင်စီက ငွေကြေးမူဝါဒကို မကြာခဏ ပြောင်းလဲမှုကြောင့် နယ်စပ်ဒေသများတွင် နေထိုင်သူများသည် ကျပ်ငွေအပေါ် ယုံကြည်မှုနည်းပါးလာကြပြီး ယွမ်ကိုင်ဆောင်ရသည်ကို ပိုမိုနှစ်သက်ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly