တိဗက်နှင့် ရှင်ကျန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ရာနှင့်ချီဖြစ်ပွား

တိဗက်နှင့် ရှင်ကျန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ရာနှင့်ချီဖြစ်ပွား

တရုတ်အာဏာပိုင်များသည် နိုင်ငံအနောက်ပိုင်း တိဗက်နှင့် ရှင်ကျန်းရှိ မြို့ကြီးများတွင် နေထိုင်သူများကို အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေရာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ အရေအတွက်မှာ ဆက်လက်မြင့်တက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ် ၂၃ ရက်အထိစာရင်းအရ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ၈၉၂ ဦးရှိပြီး အစောပိုင်းတစ်ရက်ထက် ၂၁၁ ဦးတိုးလာခဲ့ကာ မြို့တော်လာဆာနှင့်အနီးအနားဒေသများတွင် ရောဂါ ကူးစက်ခံသူအရေအတွက် မြင့်တက်လာကြောင်း တရားဝင်ကိန်းဂဏန်းများဖြင့် ထုတ်ပြန်ခဲ့သည်။

ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ကိုဗစ်-၁၉ အတည်ပြုလူနာများ များပြားလျက်ရှိသည်။

ဩဂုတ် ၂၃ ရက်က ရှင်ကျန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၃ ဦးတိုးလာကာ ၃ ၁၅၄ ဦးအထိရှိလာခဲ့သည်။

“အသွားအလာပိတ်ဆို့ထားတာ ၂၁ ရက်ရှိပါပြီ။ အာဏာပိုင်တွေက အစားအသောက်တွေကို ထရပ်ကားတွေနဲ့ သယ်နေပေမယ့် ကျွန်တော်တို့ဆီ မရောက်ပါဘူး။ ဒီရက်ပိုင်း အာလူးပဲစားနေရတယ်” ဟု ဂူဂျာဒေသခံတစ်ဦးက RFA သို့ ပြောသည်။

တိဗက်တွင် အစုလိုက်အပြုံလိုက်စမ်းသပ်မှုများ လုပ်ဆောင်နေစဉ် ဩဂုတ် ၂၂ ရက်အထိ လူပေါင်း ၄၆ ၄၅၀ ဦးကို အသွားအလာကန့်သတ်ထားကြောင်း တရားဝင်ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။ 

အသွားအလာပိတ်ဆို့ထားသောဒေသသို့လာရောက်သော တရုတ်ခရီးသွားထောင်ပေါင်းများစွာသည် လာဆာဂေါင်ဂါလေဆိပ်တွင် သောင်တင်လျက်ရှိသည်။ 

တရုတ်စာသင်ကျောင်းများ၌ တက်ရောက်နေသော တိဗက်ကျောင်းသားများမှာလည်း ကျောင်းပြန်တက်၍ မရသေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required