ပါကစ္စတန်တွင် ဆေးဝါးထုတ်လုပ်သူများနှင့် အာဏာပိုင်တို့အကြား လွန်ဆွဲမှုက ဆေးဝါး ဖြည့်ဆည်းထောက်ပံ့မှုအပေါ် ခြိမ်းခြောက်နေ

ပါကစ္စတန်တွင် ဆေးဝါးထုတ်လုပ်သူများနှင့် အာဏာပိုင်တို့အကြား လွန်ဆွဲမှုက ဆေးဝါး ဖြည့်ဆည်းထောက်ပံ့မှုအပေါ် ခြိမ်းခြောက်နေ

ပါကစ္စတန်နိုင်ငံတွင် ဆေးဝါးထုတ်လုပ်သူများနှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အကြား လွန်ဆွဲအားပြိုင်မှုက အကျပ်အတည်းတစ်ခုဆီ ဦးတည်စေရန် ခြိမ်းခြောက်လျက် ရှိသည်။ နိုင်ငံတွင် ဆေးဝါးတချို့ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရန် ပြည်တွင်း ကုမ္ပဏီများက ဆုံးဖြတ်ခဲ့သည့်အတွက် ဈေးကွက်ထဲတွင် ဆေးဝါး ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ထားခဲ့သည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ အဓိကဆေးရုံများမှ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ ပြုစုထားသော ဆေးဝါးအမျိုးအမည် ၄၀ ခန့် ပါဝင်သည့် စာရင်းတစ်ခုအရ လက်ရှိအချိန်တွင် ပြည်တွင်း၌ ထုတ်လုပ်သည့် အချို့သော ဆေးပြားများ၊ သောက်ဆေးများ၊ ထိုးဆေးများ၊ လိမ်းဆေးများ သို့မဟုတ် အစက်ချဆေးများသည် ဝယ်ယူရရှိနိုင်ခြင်း မရှိတော့ဟု ပြသနေကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ထို ဆေးများထဲတွင် အခြေအနေတချို့အတွက် ဆေးညွှန်းအရ ဖော်စပ်ပေးသော ဆေးများလည်း ပါဝင်သည်ဟု အာဏာပိုင်များအတွက် စာရင်းပြုစုပေးသည့် အဖွဲ့တွင် ပါဝင်ခဲ့သော အကြီးတန်းဆေးဝါးကျွမ်းကျင်သူတစ်ဦးက ဇူလိုင်လတွင် Dawn သတင်းစာကို ပြောသည်။

ဥပမာအားဖြင့် ‘မိမိကိုယ်ကိုယ် သတ်သေမှု မဖြစ်စေရန် ကာကွယ်ပေးသည့် ဆေးဝါးများ’ ဟု ရံဖန်ရံခါ ညွှန်းဆိုသလို စိတ်ကျန်းမာရေးပြဿနာများ ကုသရာတွင် အသုံးပြုသည့် လစ်သီယမ် ကာဘိုနိတ် အမျိုးအစားအားလုံးသည် ဈေးကွက်ထဲတွင် မရှိတော့ပေ။

ထို့ပြင် ကလေးများတွင် ဖြစ်သည့် အတက်ကြွလွန်ခြင်း ကို ကုသရာတွင် သုံးသည့် methylphenidate နှင့် ကလေးများနှင့် လူကြီးများတွင် ဝက်ရူးပြန်ရောဂါအတွက် သုံးသည့် clonazepam အစက်ချဆေးများနှင့် ဆေးပြားများ ကဲ့သို့ မရှိမဖြစ် လိုအပ်သော ဆေးများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဝယ်ယူ၍ မရနိုင်ခဲ့ပေ။

 “ဒါတင် မကသေးပါဘူး။ တီဘီ၊ ဝက်ရူးပြန်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ အခြားရောဂါတွေ ခံစားနေရတဲ့ လူနာတွေအတွက် ဆေးတွေလည်း ဈေးကွက်ထဲမှာ ဝယ်မရတော့ပါဘူး။ ဒါပေမယ့် ဒီအခြေအနေက ဘာကြောင့် လှုပ်လှုပ်ရှားရှား မဖြစ်စေသလဲ ဆိုတာကို ကျွန်တော်လည်း မသိပါဘူး” ဟု ၎င်းက ပြောသည်။

ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တို့သည် ယခု အကျပ်အတည်း၏ သက်ရောက်မှုကို စတင်ကြုံတွေ့ ခံစားနေရပြီးဖြစ်သည့်အတွက် အာဏာပိုင်များဘက်က အမြန်ဆုံး ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးရေး တောင်းဆိုလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required