ပါကစ္စတန် စစ်တပ်အကြီးအကဲ အမေရိကန်သို့ သွားရောက်ဖွယ် ရှိနေ

By Zee5
23 August 2022
ပါကစ္စတန် စစ်တပ်အကြီးအကဲ အမေရိကန်သို့ သွားရောက်ဖွယ် ရှိနေ

ပါကစ္စတန်၏ ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဘာဂျ်ဝါသည် နိုင်ငံအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ငွေကြေးများ ဆောလျင်စွာ ထုတ်ပေးနိုင်ရေး အမေရိကန်ထံ အကူအညီ တောင်းခံခဲ့ပြီးနောက် မကြာမီ အမေရိကန်သို့ ခရီးစဉ်သွားရောက်ဖွယ် ရှိနေကြောင်း သံတမန် သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာသတင်းများက ဖော်ပြသည်။

“မကြာမီ ရက်သတ်မှတ်သွားပါလိမ့်မယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပါကစ္စတန် ပြည်တွင်းမီဒီယာ Dawn ကို ပြောသည်။ ခရီးစဉ်ကို တရားဝင် အတည်မပြုရသေးသည့်အတွက် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ ဝါရှင်တန်တွင် ဆွေးနွေးသွားဖွယ်ရှိသည့် အကြောင်းအရာအစီအစဉ်ကို မည်သည့်ဘက်ကမှ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပါကစ္စတန် စစ်တပ်အကြီးအကဲ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ၏ အမေရိကန် ခရီးစဉ်အတွက် အမေရိကန်နှင့် ပါကစ္စတန် တာဝန်ရှိသူတွေက နည်းလမ်းအမျိုးမျိုးကို စဉ်းစားလျက် ရှိသည်။

နိုင်ငံခြားအရန်ငွေများ လျော့နည်းလာမှုကြောင့် အကျပ်အတည်းက ပိုမိုဆိုးဝါးလာနေစဉ် ပါကစ္စတန်အနေဖြင့် ဖြစ်အံ့ဆဲဆဲ စီးပွားရေးဘေးဒုက္ခအခြေအနေတစ်ခု မကြုံရစေရန် တားဆီးနိုင်စေရေး IMF ထံမှ ငွေကြေးများကို ဆောလျင်စွာ ရရှိနိုင်ရန် ပါကစ္စတန် စစ်တပ်အကြီးအကဲက အမေရိကန်ထံ ချဉ်းကပ် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် ထောက်ကူပံ့ပိုးမှု ရနိုင်ရေးအလို့ငှာ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် သည် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ အမေရိကန်အာဏာပိုင်များနှင့် ဆက်သွယ်စကားပြောဆို စေရန် နှင့် IMF ငွေကြေးများကို ဆောလျင်စွာ ရရှိနိုင်ရေး ၎င်း၏ ဩဇာအရှိန်အဝါကို အသုံးချစေနိုင်ရန် စည်းရုံးသိမ်းသွင်း ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required