တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်းတွင် ပါဝင်ရန် အာဖဂန်နစ္စတန်ကို ကမ်းလှမ်းခြင်းက ထောင်ချောက်တစ်ခုလား

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်းတွင် ပါဝင်ရန် အာဖဂန်နစ္စတန်ကို ကမ်းလှမ်းခြင်းက ထောင်ချောက်တစ်ခုလား

ပါကစ္စတန်နှင့် တရုတ်သည် ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်း (CPEC) တွင် တတိယမြောက်နိုင်ငံတစ်နိုင်ငံ ပူးပေါင်းပါဝင်လာစေမည့် အခွင့်အလမ်းကို ရှာဖွေလျက် ရှိသည်။ အဆိုပါ ဦးတည်ရာလမ်းကြောင်းအောက်ရှိ လုပ်ဆောင်ချက်တစ်ခုအဖြစ် ပါကစ္စတန်သည် မကြာသေးခင်က ကျင်းပခဲ့သည့် CPEC ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) ၏ တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းချိတ်ဆက်ရေး အစည်းအဝေး (JWG-ICC) ၌ CPEC တွင် ပူးပေါင်းပါဝင်ရေး တာလီဘန် ဦးဆောင်သော အာဖဂန်နစ္စတန်ကို ကမ်းလှမ်းခဲ့သည်။ “ဒေသတွင်း ချိတ်ဆက် ဆက်သွယ်ရေး အကြောင်းအရာအောက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးပွားချမ်းသာမှုကို မြှင့်တင်ရန် CPEC ကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ရေး CPEC ပူးတွဲလုပ်ငန်းအဖွဲ့တွင် နှစ်ဖက်စလုံးအနေဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်” ဟု တရုတ်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားငွေကြေးရရှိနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည့် အာဖဂန်နစ္စတန်နိုင်ငံ၏ ပို့ကုန်များကို မြှင့်တင်နိုင်စေရေးအလို့ငှာ ကဘူးလ်ကို တောင်အာရှ၊ ဗဟိုအာရှဒေသတို့နှင့် ဆက်သွယ်ချိတ်ဆက်နိုင်စေရေး ရည်ရွယ်လျက် အဆိုပါနိုင်ငံအတွက် ဆက်သွယ်ချိတ်ဆက်ရေး အထောက်အပံ့တစ်ခုအဖြစ် ယခုကမ်းလှမ်းချက်ကို ပါကစ္စတန်က ထုတ်ဖော်လျက် ရှိသည်။ သို့သော် ပါကစ္စတန်အစိုးရ၏ ဖုံးကွယ်ထားသော အဓိက လုပ်ငန်းစဉ်မှာ တရုတ်ကို မသိကျိုးကျွန်ပြုပြီး အာဖဂန်အပေါ် စီးပွားရေးဆိုင်ရာ လွှမ်းမိုးခြယ်လှယ်မှုကို အခိုင်အမာ ရယူနိုင်ရန်နှင့် အာဖဂန်နစ္စတန်၏ အဖိုးတန် သဘာဝရင်းမြစ်များကို အမြတ်ထုတ်အသုံးချရန်သာ ဖြစ်သည်။
  
ယမန်နှစ်က တာလီဘန်တို့ ထိန်းချုပ်သွားပြီးနောက်ပိုင်း အာဖဂန်နစ္စတန်သည် စီးပွားရေး အကျပ်အတည်း တစ်ခုအောက် ထိုးဆင်းကျရောက်ခဲ့သလို နိုင်ငံတကာ အကူအညီများလည်း ဖြတ်တောက်ခံထားရကာ တာလီဘန်အစိုးရ သည်လည်း နိုင်ငံတကာ အသိအမှတ်ပြုခံရခြင်း မရှိသည့်အချိန်တွင် တရုတ်နှင့် ပါကစ္စတန်တို့သည် ၎င်းတို့၏ မဟာဗျူဟာကျ အကျိုးတရားများအတွက် အာဖဂန်ကို အမြတ်ထုတ် အသုံးချနိုင်သည့် အချိန်သင့်အခါသင့် အခိုက်အတန့်တစ်ခုကို တွေ့ရှိထားသည်။ ဆင်းရဲသော နိုင်ငံတစ်နိုင်ငံကို စီးပွားရေး စီမံခန့်ခွဲရာတွင် အကူအညီပေးသည်ဟု အယောင်ဆောင်လျက်ဖြင့် တရုတ်နှင့် ပါကစ္စတန်တို့သည် အာဖဂန်တွင် မဟာဗျူဟာနေရာတစ်ခု ရယူနိုင်ရန်နှင့် အာဖဂန်ပြည်သူတို့၏ စီးပွားရေး အချုပ်အချာအာဏာအပေါ် ထိပါးရန် မီးကုန်ယမ်းကုန် လုပ်ဆောင်ရန် ရှိနေသည်။ ပါကစ္စတန်အစိုးရသည် အိမ်နီးချင်း နိုင်ငံ၏ ရင်းမြစ်များကို အသုံးချရင်း နိုင်ငံစီးပွားရေးကို ပြန်လည်ရှင်သန်စေနိုင်မည့် နည်းလမ်းတစ်ခု အဖြစ် CPEC ကို အာဖဂန်အထိ တိုးချဲ့ရေးကိစ္စကို အသုံးချရန် ဆန္ဒရှိနေသည်။

CPEC တွင် အာဖဂန်နစ္စတန်ကို တတိယနိုင်ငံတစ်နိုင်ငံအဖြစ် ထိတွေ့ဆက်ဆံခြင်းအားဖြင့် ပါကစ္စတန်နှင့် တရုတ်တို့အနေဖြင့် တရားဝင်အစိုးရတစ်ရပ်ကို မူလအတိုင်း ပြန်ထားရေးနှင့် ပြည်သူများထံ မရှိမဖြစ် ပစ္စည်းများ အဟန့်အတားမရှိ အသေအချာ ထောက်ပံ့ပေးနိုင်ရေးကို လုံလုံလောက်လောက် မလုပ်ဆောင်ဘဲ အကျပ်အတည်းတစ်ခုနှင့် ကြုံနေရသည့် နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေး ဩဇာဖြန့်ကျက်ခြင်းနှင့် စပ်လျဉ်းပြီး ဝေဖန်ခံရမှုကနေ ကင်းလွတ်ခွင့် ရနိုင်သည်။ တရုတ်သည် အခြေခံ အဆောက်အအုံ ဖော်ဆောင်မှုအတွက် ဆင်းရဲသော နိုင်ငံများ၏ ရင်းမြစ်မရှိမှုအပေါ် အခွင့်ကောင်းယူအသုံးချသည့် ရည်ရွယ်ချက်အတွက် ဝေဖန်ခံရမှုများ ရှိခဲ့သည်။ တရုတ်က တူညီသော ပုံစံတစ်ခုကိုသာ အသုံးပြုမည်ဆိုပါက အာဖဂန်နစ္စတန်၏ သဘာဝရင်းမြစ်များနှင့် အဖိုးတန်ပစ္စည်းများထံ ဝင်လမ်းရနိုင်ရန် တန်ဖိုးကြီး ချေးငွေများကို ကမ်းလှမ်းပေးသွားလိမ့်မည်ပင် ဖြစ်သည်။ သို့သော် တရုတ်နှင့် ပါကစ္စတန်တို့သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သည်ဟု အယောင်ဆောင်လျက်ဖြင့် အဆိုပါ မဟာဗျူဟာအရ အရေးပါသော နိုင်ငံအပေါ် ထိန်းချုပ်သွားရန် ဆန္ဒရှိနေသည်။

ပြီးခဲ့သည့် ရက်များအတွင်း CPEC တွင် တတိယနိုင်ငံ ထည့်သွင်းရေး ထုတ်ဖော်မှုများ ပါဝင်သည့် ဖြစ်စဉ်တချို့ ရှိခဲ့ရာ လူအများထံမှ အပျက်သဘောဆောင် မှတ်ချက်များကိုသာ ထွက်ပေါ်စေခဲ့သည်။ ဝေဖန်မှုများ ထွက်ပေါ်ခြင်းကို အကြောင်းပြုပြီး နှစ်ဖက်စလုံးအနေဖြင့် သတင်းအချက်အလက်များ တစ်ဖက်သတ် ထုတ်ပြန်ခြင်းမှ ရှောင်ကြဉ်ကြမည် ဖြစ်ကြောင်း တရုတ်က JWG အစည်းအဝေးတွင် ပါကစ္စတန် အာဏာပိုင် များကို အသိပေးခဲ့သည်။ အများပြည်သူဆိုင်ရာ ထုတ်ပြန်ကြေညာချက်များနှင့် အလားအလာရှိ တတိယနိုင်ငံ အစီအစဉ်များထံ တရားဝင် လက်လှမ်းမှုများနှင့်ပတ်သက်ပြီး အများသို့ အသိမပေးခင် နိုင်ငံရေးအမြင်ရှုထောင့်မှ ကနဦး ရှင်းလင်းသွားရန် နှစ်နိုင်ငံစလုံးက ဆုံးဖြတ်ခဲ့သည်။ JWG အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် နက်ရှိုင်းစေရေးနှင့် ပိုမိုကြီးမားသော အများပြည်သူထောက်ခံမှုကို ရနိုင်စေရေး CPEC ကို အသေအချာ စီမံကိန်း ရေးဆွဲရန် သဘောတူခဲ့သည်။ ပါကစ္စတန်နှင့် တရုတ်တို့သည် အာဖဂန်၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွဲဆောင်နိုင်ရန် CPEC နှင့်ပတ်သက်ပြီး အစစ်အမှန်မဟုတ်သော ဇာတ်လမ်းတွင် မွေ့လျော်နေသည်ဟု အကဲခတ်များက ကြိုမြင်နေသည်။

 CPEC တွင် အာဖဂန်နစ္စတန် ပူးပေါင်းပါဝင်စေရေး ပါကစ္စတန်၏ ဖုံးကွယ်ထားသော လုပ်ငန်းစဉ်ရှိ အလုံးစုံ စိတ်ကူးအိုင်ဒီယာသည် ယင်း၏ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စွမ်းအင်နှင့် အခြားရင်းမြစ်များကို ထိန်းချုပ်အသုံးချနိုင်ရေး ဖြစ်သည်။ သို့သော် အဆိုပါ စိတ်ကူးသည် အထူးသဖြင့် မြေရှားသတ္တုများအပါအဝင် အာဖဂန်နစ္စတန်၏ ထုတ်ယူအသုံးချရခြင်း မရှိသေးသည့် ပေါကြွယ်ဝသော သဘာဝရင်းမြစ်များကို ရယူနိုင်ရေးဆိုသည့် တရုတ်၏ ရည်မှန်းချက်နှင့် အတူတူပင် ဖြစ်နေသည်။

 အာဖဂန်နစ္စတန်တွင် ကြေးနီ၊ ရွှေ၊ ယူရေနီယံ၊ ဘောက်ဆိုက်၊ ကျောက်မီးသွေး၊ သံသတ္တုရိုင်း၊ မြေရှားသတ္တု၊ လစ်သီယံ၊ ခရိုမီယမ်၊ ခဲ၊ ဇင့် စသည့် သဘာဝရင်းမြစ်များ ပေါကြွယ်ဝစွာ ရှိနေသည်။ နှစ် ၂၀ ကြာပြီးနောက် အာဖဂန်နစ္စတန်တွင် တစ်ဖန် အာဏာပြန်ရလာသော တာလီဘန်တို့သည် အမေရိကန်ဒေါ်လာ ၁ ထရီလီယံမှ ၃ ထရီလီယံအထိ တန်ဖိုးရှိနိုင်သည့် အဆိုပါ သဘာဝရင်းမြစ်များကို ထိန်းချုပ်ခွင့် ပြန်ရထားသည်။ ၂၀၁၀ ပြည့်နှစ်က ထုတ်ပြန်သည့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနတွင်း မှတ်စုအရ အာဖဂန်နစ္စတန်ကို “လစ်သီယမ်၏ ဆော်ဒီအာရေးဗျ” ဟု တင်စားဖော်ပြထားရာတွင် ယင်းသည် ကမ္ဘာလုံးဆိုင်ရာ သတ္တု ဖြည့်ဆည်းထောက်ပံ့မှုအတွက် အရေးပါသည်ဟု အဓိပ္ပါယ်ရသည်။

 လူသုံးကုန် လျှပ်စစ်ပစ္စည်းများနှင့် စစ်ဖက် ပစ္စည်းများတွင် အသုံးချနိုင်သည့် ဒြပ်စင် ၁၇ ခု အုပ်စုတစ်စုဖြစ်သော မြေရှားသတ္တု တန်ချိန် ၁ ဒသမ ၄ သန်းခန့် အာဖဂန်နစ္စတန်တွင် ရှိသည်။ တရုတ်သည် အာဖဂန်မှ အမေရိကန် ထွက်ခွာမှုကြောင့် ဖြစ်ပေါ်သည့် ပါဝါဟာကွက်ကို အခွင့်ကောင်းယူရင်း အာဖဂန်နစ္စတန်ရှိ အထက်ပါတွင်းထွက်သတ္တုများထံ ဝင်လမ်းရရေး မဟာဗျူဟာအရ ရှာဖွေလျက် ရှိသည်။

 ပါကစ္စတန်အနေဖြင့် CPEC က အဆိုပါနိုင်ငံအတွက် ရလဒ်အဖြေပြောင်းပေးနိုင်သည့်အရာ တစ်ခု ဖြစ်လိမ့်မည်ဆိုပြီး ကနဦးက ကတိကဝတ်များ ပေးခြင်းခံရသော်လည်း လက်ရှိတွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဘဲ ဖြစ်လာနေသည်။ စီမံကိန်း ဖော်ဆောင်မှုက ဆယ်စုနှစ်တစ်စုခန့် ရှိလာချိန်တွင် ပါကစ္စတန်အနေဖြင့် မည်သည့်အခါကမှ အသီးအပွင့် ခံစားရခြင်း မရှိသေးဘဲ အများအားဖြင့် တရုတ်၏ အကျိုးစီးပွားများကိုသာ ဖြည့်ဆည်းပေးနေခဲ့ရသည်။ CPEC ရှိသော်လည်း ပါကစ္စတန်သည် စီးပွားရေးအကျပ်အတည်းတစ်ခုကို ရင်ဆိုင်ဖြတ်သန်းနေရလျက် ရှိစဉ် တရုတ်သည် ပင်လယ်ကွေ့နိုင်ငံများထံမှ စွမ်းအင်ထံ စိတ်ချရသော ဝင်လမ်းတစ်ခု ရထားခဲ့သလို ယင်း၏ ရှင်ကျန်းဒေသကို ချိတ်ဆက်သော ပို့ဆောင်ရေး ကွန်ရက်တစ်ခုကိုလည်း ရထားသည်။ 

စီမံကိန်း၏ တစိတ်တဒေသဖြစ်သည့် ဂွာဒါဆိပ်ကမ်းက တရုတ်ကို ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် နိုင်ငံများတွင် ပြောဆိုပိုင်ခွင့် ရစေမည် ဖြစ်သလို တရုတ်အနေဖြင့် အနောက်အာရှတွင် ပင်လယ်ရေကြောင်း သွားလာမှုများအပေါ် ထိန်းချုပ်နိုင်မည့် ရေတပ်အခြေစိုက်နေရာတစ်ခုအဖြစ် ဂွာဒါဆိပ်ကမ်းကို အသုံးပြုနိုင်မည် ဖြစ်သည်။ တစ်ဖက်တွင် ကရာချိ-ပက်ရှာဝါ ရထားလမ်း အဆင့်မြှင့်တင်ခြင်းအပါအဝင် CPEC စီမံကိန်းများတွင် ပါကစ္စတန်သည် တိုးတက်မှု အလွန်နှေးကွေးနေခဲ့သည်။ 

ပါကစ္စတန်နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်သူအချို့ဆိုလျင် စီမံကိန်းများ၏ ကုန်ကျစရိတ်များနှင့် ဖြစ်နိုင်ခြေတို့ကို ပြန်လည် အကဲဖြတ်ချင့်တွက်ရန် တောင်းဆိုလျက် ရှိသည်။

CPEC အကောင်အထည်ဖော်ဆောင်ခြင်းက ဝေဖန်မှုများကို ထွက်ပေါ်စေခဲ့ပြီး ယင်းသည် ပါကစ္စတန်ကို အကြွေးတောင်ပုံရာပုံဖြင့် ဝန်ပိစေခဲ့သလို တစ်ဖက်တွင် တရုတ်အနေဖြင့် မဟာဗျူဟာကျ အဖိုးတန်ပစ္စည်းများ ရယူနိုင်မည့် “ကြွေးမြီထောင်ချောက် ဒစ်ပလိုမေစီ” အသုံးပြုနိုင်ခွင့် ရခဲ့သည်။ CPEC ကို အနီးကပ် လေ့လာကြည့်မည်ဆိုပါက ပါကစ္စတန်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ၊ အားရစရာ မရှိသည့် စီးပွားရေးတိုးတက်မှုအခြေအနေ၊ အလုံးစုံ စီးပွားရေးနှင့် လူမှုရေး မငြိမ်မသက်ဖြစ်မှုတို့က မှန်ကန်ကြောင်း ပြသနေသည်။

တရုတ် သို့မဟုတ် ပါကစ္စတန်၏ ထောင်ချောက်ထဲ ကျရောက်ခြင်းက အာဖဂန်နစ္စတန်အတွက် ရေရှည် ဂယက်ရိုက်ခတ်မှုများကို ဖြစ်စေနိုင်သည်။ တရုတ်သည် မည်သည့်နိုင်ငံကိုမှ စီးပွားရေးအကျပ်အတည်းအောက်မှ ကူညီကယ်တင်ပေးခဲ့ခြင်း မရှိသလို ပါကစ္စတန်အနေဖြင့်လည်း ထိုသို့ ကူညီနိုင်သည့် လုပ်နိုင်စွမ်းမျိုး မရှိပေ။ တရုတ်နှင့် ထိတွေ့ဆက်ဆံမှုကြောင့် ပါကစ္စတန်တို့ အကျပ်အတည်းအောက် ကျရောက်သည့် အခြေအနေ ကြုံခဲ့ရသလို သီရိလင်္ကာဖြစ်စဉ်တွင်လည်း အလားတူအတိုင်းပင်ဖြစ်သည်။ 

တရုတ်သည် လက်ရှိတွင် ပါကစ္စတန် အစိုးရအတွက် အကြီးဆုံး မြီရှင်နိုင်ငံ ဖြစ်သလို ပါကစ္စတန်သည် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှုဖြစ်မည့် အခြေအနေနှင့် နီးကပ်နေသည်။ ပါကစ္စတန်၏ ပြည်ပကြွေးမြီများသည် ဒေါ်လာ ၉၀ ဒသမ ၁၂ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ယင်းတို့အနက် ၂၇ ဒသမ ၄ ရာခိုင်နှုန်းသည် တရုတ်ထံ တင်ရှိနေခြင်းဖြစ်ကြောင်း IMF က ပြောသည်။ ၂၀၁၃ ခုနှစ် ဇွန်လက ပါကစ္စတန်၏ စုစုပေါင်း အစိုးရနှင့် လူသိရှင်ကြား အာမခံထားသည့် ပြည်ပကြွေးမြီ ပမာဏက ဒေါ်လာ ၄၄ ဒသမ ၃၅ ဘီလီယံဖြစ်ပြီး တရုတ်၏ ဝေစုက ၉ ဒသမ ၃ ရာခိုင်နှုန်းမျှသာ ဖြစ်ခဲ့သည်။ အာဖဂန်နစ္စတန်အနေဖြင့်လည်း အကျပ်အတည်းအောက် ကျရောက်နေသည်ဖြစ်ရာ ယင်းအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေး ဒုက္ခပြဿနာများအတွက် ယုတ္တိတန်သော ဖြေရှင်းနည်းလမ်းများ ရှာရန်နှင့် စည်းရုံးသွေးဆောင်မှုများကို ရှောင်ရန် ကြိုးစားသင့်သည်။ CPEC နှင့် ပူးပေါင်းခြင်းက အဆိုပါ နိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထပ်မံ ကင်းကွာသွားစေနိုင်လိမ့်မည်ပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required