မကွေးတိုင်းတွင် ၄တန်း၊ ၈တန်း မေးခွန်းပေါက်ကြားမှု အထက်တန်းပြဆရာမ နှင့် မိတ္တူဆိုင်ရှင်အား စစ်ဆေးနေ

မကွေးတိုင်းတွင် ၄တန်း၊ ၈တန်း မေးခွန်းပေါက်ကြားမှု အထက်တန်းပြဆရာမ နှင့် မိတ္တူဆိုင်ရှင်အား စစ်ဆေးနေ

မကွေး၊ ဖေဖော်ဝါရီ   ၂၀ ။ ။ ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် မကွေးတိုင်းအတွင်း စတုတ္ထတန်း နှင့် အဌမတန်းစာမေးပွဲမေးခွန်းလွှာများ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွင် ပေါက်ကြားခဲ့မှုနှင့်ပတ်သက်၍ အထက်တန်းပြကျောင်းဆရာမ တစ်ဦးနှင့် မိတ္တူဆိုင်ပိုင်ရှင် တစ်ဦးတို့အား စစ်ဆေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၁၆ရက်က “တင်ထွန်းဝင်း" အမည်ဖြင့် အကောင့်ပိုင်ရှင်မှစပြီး အင်တာနက်ဖေ့စ်ဘုတ်ပေါ်၌ ယင်းမေးခွန်းလွှာများ ပေါက်ကြားခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေးခွန်းပေါက်ကြားမှုနှင့် ပက်သက်၍ ဖေဖော်ဝါရီ ၁၈ရက် ည ၇နာရီအချိန်က မကွေးမြို့၊ အောင်မင်္ဂလာရပ် ကွက်၊ သုခိတာလမ်း၊ရန်ကင်းဈေးဆိုင်ခန်းအမှတ် (၃၆/၃၇)ရှိ “ထိပ်တန်း" မိတ္တူဆိုင်၌ ၂၀၁၅-၂၀၁၆ပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲမေးခွန်းလွှာများအား မိတ္တူကူး၍ ရောင်းချနေကြောင်း သတင်းအရ ထိပ်တန်း မိတ္တူဆိုင်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလပါ အခြေခံပညာ အဌမတန်းနှစ်ဆုံးစာမေးပွဲ သမိုင်းဘာသာရပ်မေးခွန်း မိတ္တူစာမျက်နှာနှစ်ဖက်ပါ (၈)ရွက်နှင့် စာမျက်နှာ (၁)ဖက်ပါ(၁)ရွက်၊ စတုတ္ထတန်းနှစ်ဆုံးစာမေးပွဲ လူမှုရေးဘာသာရပ်မေးခွန်း မိတ္တူစာမျက်နှာသုံးမျက်နှာပါ မေးခွန်း(၁)စုံ အပါအဝင် မိတ္တူဆိုင်တွင် အသုံးပြုသည့် ပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။ 

မိတ္တူဆိုင်ပိုင်ရှင် ဦးမင်းဇော်သွေးအားစစ်ဆေးခဲ့ရာတွင် ၂၀၁၅-၂၀၁၆ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်းနှင့် စတုတ္ထတန်းနှစ်ဆုံး စာမေးပွဲမေးခွန်း မိတ္တူများသည် မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်မျိုးလုံရပ်ရှိ "နေခြည်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်လှလှမော်က ဖေဖော်ဝါရီ ၁၆ရက် နေ့လည် ၃နာရီခန့်က ပထဝီ မေးခွန်းကို လည်းကောင်း၊ ၁၇ရက် နေ့လည်က သိပ္ပံမေးခွန်းကို လည်းကောင်း၊ ၁၈ရက် နေ့လည်က သမိုင်း မေးခွန်းကိုလည်းကောင်း Viber မှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။ 

ယင်းမေးခွန်းစာရွက်များကို မိတ္တူဆိုင်ရှင်မှ တစ်မျက်နှာလျှင် ၅၀ ကျပ်နှုန်းဖြင့် မေးခွန်း(၁)စုံ (၁၅၀) ကျပ် ဖြင့် ရောင်းချခဲ့ရာ တစ်နေ့လျှင် (၇)စုံခန့် ရောင်းခဲ့ရကြောင်း စစ်ဆေးချက်အရ သိရသည်။ 

ယင်းစစ်ဆေးတွေ့ရှိခဲ့မှုှနှင့်ပက်သက်၍ မိတ္တူဆိုင်ပိုင်ရှင် ဦးမင်းဇော်သွေးနှင့် အထက်တန်းပြကျောင်းဆရာမတို့အား မကွေးမြို့နယ်၊မကွေးမြို့မရဲစခန်းမှ ခေါ်ယူစစ်ဆေးနေကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly